
(ပြည်တွင်း) မေ ၂၅
ချင်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုအရ ဖလမ်းခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့် ဖလမ်းမြို့နယ် စည်ပင်သာယာရေးကော်မတီက မြို့တွင်း သောက်သုံးရေရရှိရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ထွာန်းစိမ့်စမ်းရေမှ ပင်မပိုက်လိုင်းသွယ်တန်းမှုလုပ်ငန်းများ ပြီးစီးခဲ့ပြီး ဗလိုင်အထက်ရပ်ကွက်ရှိ ဂါလန် ၃၀,၀၀၀ ဆံ့ ရေလှောင်ကန်သို့ ရေအဆက်မပြတ် ပို့လွှတ်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ရေလှောင်ကန်မှတစ်ဆင့် ဗလိုင်အထက်၊ ပြည်သူ့ဆေးရုံအနီးနှင့် တောင်ဇလပ်ရိပ်သာအနီးရှိ နေအိမ်များအထိ သောက်သုံးရေ ပေးဝေနိုင်ပြီဖြစ်ကြောင်း ဖော်ပြသည်။
ဖလမ်းမြို့တွင် လိုင်ဗားဆည်၊ ဇာထီရ်စိမ့်စမ်းရေနှင့် ထွာန်းစိမ့်စမ်းရေတို့မှ ရေပေးဝေမှုများကို အဓိကအားထားလျက်ရှိရာ လက်ရှိတွင် လိုင်ဗားဆည်ရေစနစ်၌ ရေပမာဏ လျော့နည်းနေသော်လည်း စိမ့်စမ်းရေအရင်းအမြစ်များဖြင့် မြို့တွင်းရေဖူလုံမှု တိုးတက်လာပြီဖြစ်ကြောင်း သိရသည်။