
(ပြည်တွင်း) မေ ၂၅
ချင်းပြည်နယ် ဖလမ်း၊ တီးတိန်နှင့် တွန်းဇံမြို့များတွင် ထိခိုက်ပျက်စီးခဲ့မှုများအား အမြန်ဆုံးပြန်လည်ထူထောင်နိုင်ရေးအတွက် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်နှင့်အညီ သက်ဆိုင်ရာတာဝန်ရှိသူများက နယ်မြေဒေသများသို့ ကွင်းဆင်း၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများဖြစ်သည့် ဘိလပ်မြေ၊ အမိုးသွပ်နှင့် သွပ်ရိုက်သံများအပါအဝင် ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများကို တပ်မတော်လေယာဉ်များဖြင့် ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာဒေသများသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ယနေ့တွင် ဘိလပ်မြေ ၁၀ တန်၊ အမိုးသွပ် ၁၀ တန်၊ သွပ်ရိုက်သံ ၁၂၃ ပိဿာကျော်နှင့် ကယ်ဆယ်ထောက်ပံ့ပစ္စည်း ၃ တန်ကျော်တို့ကို ပို့ဆောင်ခဲ့ပြီး သက်ဆိုင်ရာမြို့နယ်များသို့ ဆက်လက်ဖြန့်ဖြူးထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရသည်။
ဒေသလိုအပ်ချက်များအပေါ် မူတည်၍ ပြန်လည်ထူထောင်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။