တရားမဝင်ဝင်ရောက်နေထိုင်သူများနှင့် အွန်လိုင်းလောင်းကစားကွန်ရက်များအား စုံစမ်းဖော်ထုတ်ကာ ပြည်နှင်လွှဲပြောင်း

(မှုခင်း) မေ ၂၅

နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများ၌ တရားမဝင် ဝင်ရောက်နေထိုင်ပြီး အွန်လိုင်းလောင်းကစားမှု၊ အွန်လိုင်းလိမ်လည်မှု အပါအဝင် ဒုစရိုက်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို စုံစမ်းဖော်ထုတ်၍ သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးအပ်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံများကို တစ်ဆင့်ခံဖြတ်သန်း၍ ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်ရှိ ဆိုဒ်များအတွင်းသို့ တရားမဝင်လမ်းကြောင်းမှတစ်ဆင့် ဝင်ရောက်လာခဲ့သည့် တရုတ်နိုင်ငံသား ၂၇ ဦးကို ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီး ပြည်နှင်လွှဲပြောင်းနိုင်ရေး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက်မှ ၂၀၂၆ ခုနှစ် မေ ၂၄ ရက်အထိ မြဝတီမြို့နယ်အတွင်းသို့ တရားမဝင်ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသားစုစုပေါင်း ၁၄,၆၈၅ ဦးကို ထိန်းသိမ်းနိုင်ခဲ့ပြီး စစ်ဆေးပြီးစီးသူများအနက် ၁၃,၅၂၁ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေနှင့်အညီ ပြည်နှင်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် လွှဲပြောင်းပေးအပ်ရန် ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၁,၁၆၄ ဦးအနက် ၆၆၂ ဦးကို အရေးယူဆောင်ရွက်ထားပြီး ကျန် ၅၀၂ ဦးကိုလည်း သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးအပ်ရန် အသင့်အနေအထားဖြင့် ထိန်းသိမ်းထားရှိကြောင်း သိရသည်။

နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်သူများနှင့် နောက်ကွယ်မှကြိုးကိုင်သူများကို ဖော်ထုတ်အရေးယူနိုင်ရေးအတွက် အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။