ပါကစ္စတန်နိုင်ငံတွင် ရထားတစ်စင်းအား အသေခံမော်တော်ယာဉ်ဗုံးဖြင့် တိုက်ခိုက်မှုဖြစ်ပွားပြီး အနည်းဆုံး ၂၄ ဦး သေဆုံး

(နိုင်ငံတကာ)မေ ၂၄

    ​​​​ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း ဘာလိုချီစတန် (Balochistan)ပြည်နယ်၏ မြို့တော် ကွက်တာ (Quetta) တွင် စစ်သားများ လိုက်ပါလာသည့် ရထားတစ်စင်းအား အသေခံမော်တော်ယာဉ်ဗုံးဖြင့် တိုက်ခိုက်ခဲ့မှုကြောင့် အနည်းဆုံး လူ ၂၄ ဦး သေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရရှိခဲ့သည်။

     ခွဲထွက်ရေးလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် ဘာလိုချီစတန် လွတ်မြောက်ရေးတပ်မတော်(BLA)က ယခုတနင်္ဂနွေ နေ့တွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုမှာ ၎င်းတို့လက်ချက်ဖြစ်ကြောင်း ဝန်ခံပြောကြားထားသည်။

     အခင်းဖြစ်ပွားရာနေရာမှ သတင်းပေးပို့ခဲ့သည့် အယ်လ်ဂျာဇီးယား သတင်းထောက် ကာမားလ် ဟိုက်ဒါ (Kamal Hyder) ၏ ပြောကြားချက်အရ မီးရထားလမ်းနှင့် ကပ်လျက်ရှိသော နေအိမ်များနှင့် အဆောက်အအုံအချို့ ပြင်း ထန်စွာ ပျက်စီးသွားခဲ့ကြောင်း သိရသည်။ ပေါက်ကွဲမှုကြောင့် ရထားတွဲအချို့ တိမ်းမှောက်ကာ မီးလောင်ကျွမ်းမှုများ ဖြစ်ပွားခဲ့သည်။

     ဒေသတွင်း မီဒီယာများ၏ ဖော်ပြချက်အရ ကွက်တာမြို့ရှိ ပြည်သူ့ဆေးရုံများတွင် အရေးပေါ်အခြေအနေ ကြေညာထားပြီး၊ ဆရာဝန်များနှင့် အခြားဆေးဘက်ဆိုင်ရာ ဝန်ထမ်းများကိုလည်း တာဝန်ပျက်ကွက်ခြင်းမရှိဘဲ ရုံးထိုင်ကြရန် ညွှန်ကြားထားသည်။

     အင်တာနက်လူမှုကွန်ရက်ပေါ်တွင် မျှဝေထားသည့် ရုပ်သံမှတ်တမ်းများ၌ မီးလောင်ကျွမ်းထားသည့် မော်တော် ယာဉ်များနှင့် ဘေးစောင်းလဲနေသည့် ရထားတွဲများကို တွေ့မြင်ရပြီး၊ ကောင်းကင်ယံသို့ မည်းမှောင်နေသည့် မီးခိုးလုံးကြီးများ တက် နေသည်ကို တွေ့ရသည်။

     ပါကစ္စတန်နိုင်ငံတွင် မကြာသေးမီလများအတွင်း ခွဲထွက်ရေးအဖွဲ့များ၏ တိုက်ခိုက်မှုများကို အကြိမ်ကြိမ် ကြုံ တွေ့ခဲ့ရကြောင်း ဟိုက်ဒါက ဆိုသည်။ ယခုတိုက်ခိုက်မှုများသည် ပိုမိုပြင်းထန်လာပြီး ဘာလိုချီစတန်ရှိ တရုတ်၏ အခြေခံအဆောက်အအုံ စီမံကိန်းများကို ဆန့်ကျင်သည့်အနေဖြင့် တရုတ်လုပ်သားများကိုပါ ပစ်မှတ်ထား တိုက်ခိုက်လာကြကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

     တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ (CPEC)အရ တရုတ်နိုင်ငံ၏ ရှင်ကျန်းဒေသကို ပါကစ္စတန်နိုင်ငံ၏ ဂွါဒါ (Gwadar) ဆိပ်ကမ်းနှင့် ချိတ်ဆက်ထားခြင်း ဖြစ်သည်။ ပါကစ္စတန် ဝန်ကြီး ချုပ် ရှာဘတ်ဇ် ရှရစ်ဖ် (Shehbaz Sharif) က ယခုတိုက်ခိုက်မှုကို ရှုတ်ချကြောင်း X လူမှုကွန်ရက်ပေါ်တွင် ရေးသားဖော်ပြခဲ့သည်။

     “ဒီလို ရဲဘဲလ်သဏ္ဌာန် အကြမ်းဖက်လုပ်ရပ်တွေက ပါကစ္စတန်ပြည်သူတွေရဲ့ စိတ်ဓာတ်ပြတ်သားမှုကို လျော့ပါးသွားအောင် လုပ်နိုင်မှာမဟုတ်ပါဘူး။ ကျွန်တော်တို့အနေနဲ့ အကြမ်း ဖက်ဝါဒကို ပုံစံမျိုးစုံ၊ နည်းလမ်းမျိုးစုံနဲ့ အမြစ်ပြတ်ချေမှုန်းသွားဖို့အတွက် ခိုင်ခိုင်မာမာ သန္နိဋ္ဌာန်ချထားဆဲ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

Telegram»…
https://t.me/positiveanglenews

#PAN