ရုရှားက ကိဗ်မြို့ကို ‘အိုရက်ရှ်နစ်’ ဟိုက်ပါဆိုးနစ်ပဲ့ထိန်းဒုံးကျည်နှင့် ဒရုန်းရာပေါင်းများစွာဖြင့် အပြင်းအထန်တိုက်ခိုက်၊ လူလေးဦးသေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရ

(နိုင်ငံတကာ)မေ ၂၄

    ​​​​ရုရှားနိုင်ငံက ယူကရိန်းမြို့တော် ကိဗ် (Kyiv) နှင့် ၎င်း၏ ပတ်ဝန်းကျင်ဧရိယာများကို ဒုံးကျည်နှင့် ဒရုန်းအမြောက် အမြားဖြင့် အပြင်းအထန် တိုက်ခိုက်ခဲ့ရာ လူလေးဦး သေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ယူကရိန်းအာဏာပိုင်များက ပြောကြားခဲ့သည်။

     ယခုတိုက်ခိုက်မှုသည် ရုရှားထိန်းချုပ်ထားရာ ယူကရိန်းအရှေ့ပိုင်းဒေသတွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုအပေါ် လက် တုံ့ပြန်သွားမည်ဟု မော်စကိုဘက်က ခြိမ်းခြောက်ခဲ့ပြီးနောက် ပေါ်ပေါက်လာခြင်းဖြစ်သည်။

     ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ညတွင်းချင်းပြုလုပ်ခဲ့သည့် အဆိုပါတိုက်ခိုက်မှုများအတွင်း နျူကလီးယားထိပ် ဖူး တပ်ဆင်နိုင်ပြီး အသံထက် ၁၀ ဆကျော်မြန်သည့် ‘အိုရက်ရှ်နစ်’ (Oreshnik) ဟိုက်ပါဆိုးနစ် ပဲ့ထိန်းဒုံးကျည်ကို အသုံးပြုခဲ့ကြောင်း တရားဝင်အတည်ပြုခဲ့သည်။ ၎င်းအပြင် အစ္စကန္ဒာ (Iskander) ပဲ့ထိန်းဒုံးကျည်၊ ကင်ဇယ် (Kinzhal) ဟိုက်ပါဆိုးနစ်ဒုံးကျည်၊ ဇာကွန် (Tsirkon)ခရုစ်ဒုံးကျည်များနှင့်အတူ ဒရုန်းအစင်းရေ ၆၀၀ နှင့် ဒုံးကျည် ၉၀ ပါဝင်သည့် အကြီးအကျယ် တိုက်ခိုက်မှုကို ဆင်နွှဲခဲ့ခြင်းဖြစ်သည်။

     ယူကရိန်းလေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့က ဒရုန်း ၅၄၉ စင်းနှင့် ဒုံးကျည် ၅၅ စင်းတို့ကို ကြားဖြတ်ဖျက်ဆီးနိုင်ခဲ့သော် လည်း မြို့တော်၏ နေရာပေါင်း ၄၀ တွင် လူနေအဆောက်အအုံများ၊ ရုံးခန်းများ၊ ဆိုင်ခန်းများနှင့် စာတိုက်များ ပြင်းထန်စွာ ပျက်စီးခဲ့ရသည်။

ယခုတိုက်ခိုက်မှုသည် ပြီးခဲ့သည့်ရက်ပိုင်းက ရုရှားထိန်း ချုပ်မှုအောက်ရှိ ယူကရိန်းအရှေ့ပိုင်း ကောလိပ်ကျောင်းဆောင်တစ်ခု တိုက်ခိုက်ခံရပြီး လူ ၁၈ ဦး သေဆုံးခဲ့ရမှုအပေါ် ရုရှားက “အပြစ်ပေး” သည့်အနေဖြင့် လက်တုံ့ပြန်ခြင်း ဖြစ်သည်။

     ကိဗ်မြို့တော်ဝန် ဗီတာလီ ကလစ်ခ်ျကို၏ ပြောကြားချက်အရ မြို့တော်အတွင်း၌တင် လူနှစ်ဦး သေဆုံးပြီး ၅၆ ဦး ဒဏ်ရာရရှိခဲ့ကာ၊ ပတ်ဝန်းကျင်ကိဗ်ဒေသတွင်လည်း လူနှစ်ဦး သေဆုံးပြီး ကိုးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

     ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ကြားဖြတ်ဟန့်တားရန် မဖြစ်နိုင်ဟု ကြွေးကြော်ထားသည့် အိုရက်ရှ်နစ် ဟိုက်ပါဆိုးနစ်ဒုံးကျည်ကို ရုရှားအနေဖြင့် ဤစစ်ပွဲအတွင်း တတိယအကြိမ်မြောက် ထုတ်သုံးကာ တိုက်ခိုက်ခဲ့ခြင်းလည်း ဖြစ်သည်။

Telegram»…
https://t.me/positiveanglenews

#PAN