တက်ကြွလှုပ်ရှားသူများအပေါ် လိင်ပိုင်းဆိုင်ရာစော်ကားမှုနှင့် နှိပ်စက်မှုများကြောင့် အစ္စရေးဝန်ကြီး ဘင်ဂီဗာကို ပြင်သစ်ပြည်ဝင်ခွင့်ပိတ်

(နိုင်ငံတကာ)မေ ၂၃

    ​​​​ဂါဇာကမ်းမြောင်ဒေသသို့ ဦးတည်ခုတ်မောင်းလာသည့် ‘Global Sumud Flotilla’ ကူညီရေးသင်္ဘောအုပ်စုမှ ဖမ်း ဆီးခေါ်ဆောင်ခြင်းခံရသည့် တက်ကြွလှုပ်ရှားသူများကို အစ္စရေးတပ်ဖွဲ့ဝင်များက မုဒိမ်းမှုအပါအဝင် လိင်ပိုင်းဆိုင် ရာ စော်ကားညှဉ်းပန်းမှုများ ကျူးလွန်ခဲ့သည်ဟူသော စွပ်စွဲချက်များ ထွက်ပေါ်လာပြီးနောက်၊ အဆိုပါတက်ကြွလှုပ်ရှားသူများကို လှောင်ပြောင်စောဒကတက်ခဲ့သည့် အစ္စရေး၏ လက်ယာစွန်းအစွန်းရောက် အမျိုးသားလုံခြုံ ရေးဝန်ကြီး အီတာမာ ဘင်ဂီဗာ (Itamar Ben-Gvir) အား ပြင်သစ်နိုင်ငံက ပြည်ဝင်ခွင့် တရားဝင်ပိတ်ပင်လိုက်ကြောင်း သိရသည်။

      ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ဂျွန်နိုအဲလ် ဘာရော့ (Jean-Noel Barrot)က စနေနေ့တွင် ၎င်း၏ X လူမှုကွန် ရက်မှတစ် ဆင့် “ဒီနေ့ကစပြီး အီတာမာ ဘင်ဂီဗာကို ပြင်သစ်နယ်မြေအတွင်း ဝင်ရောက်ခွင့် ပိတ်ပင်လိုက်ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ ကူညီရေးသင်္ဘောပေါ်မှာ လိုက်ပါလာခဲ့တဲ့ ပြင်သစ်နဲ့ ဥရောပနိုင်ငံသားတွေအပေါ် သူကျူးလွန်ခဲ့တဲ့ အပြစ်တင်ထိုက်တဲ့ လုပ်ရပ်တွေကြောင့် ဖြစ်ပါတယ်” ဟု ထုတ်ပြန်ကြေညာခဲ့သည်။

      ဝန်ကြီး ဘင်ဂီဗာသည် အက်ရှ်ဒေါ့ဒ် (Ashdod) ဆိပ်ကမ်းတွင် ဖမ်းဆီးခံထားရသည့် ကူညီရေးအဖွဲ့မှ တက်ကြွလှုပ်ရှားသူများအား မျက်စိပိတ်၊ လက်ထိပ်ခတ်လျက် ကြမ်းပြင်ပေါ်တွင် ဒူးထောက်ခိုင်းထားစဉ် ၎င်းက ဘေးမှနေ၍ ကျေနပ်အားရစွာ လှောင်ပြောင်နေသည့် ရုပ်သံမှတ် တမ်းကို လူမှုကွန်ရက်ပေါ်တွင် ကိုယ်တိုင်လွှင့်တင်ခဲ့ခြင်းကြောင့် နိုင်ငံတကာ၏ ပြစ်တင်ရှုတ်ချမှုကို ပြင်းထန်စွာ ခံခဲ့ရသည်။

     တစ်ချိန်တည်းမှာပင် ‘Global Sumud Flotilla’ စီစဉ်သူများ၏ ထုတ်ပြန်ချက်အရ ပြန်လည်လွတ်မြောက်လာသည့် တက်ကြွလှုပ်ရှားသူများသည် အစ္စရေး၏ ဖမ်းဆီးထိန်းမိမှုအောက်တွင် ရှိနေစဉ်အတွင်း အဝတ်အစားများ အတင်းအကျပ်ချွတ်၍ ရှာဖွေခြင်း၊ လိင်ပိုင်းဆိုင်ရာ နှောင့် ယှက်လှောင်ပြောင်ခြင်းနှင့် မုဒိမ်းမှုကျူးလွန်ခြင်း ဖြစ်စဉ်အပါအဝင် အနည်းဆုံး လိင်ပိုင်းဆိုင်ရာ စော်ကားညှဉ်းပန်းမှု ဖြစ်စဉ် ၁၅ ခုထက်မနည်း ကြုံတွေ့ခဲ့ရကြောင်း တယ်လီဂရမ် (Telegram) မှတစ်ဆင့် အသေးစိတ် ထုတ်ဖော်ပြောကြားခဲ့သည်။

      အဆိုးရွားဆုံးဖြစ်စဉ်မှာ ယာယီအကျဉ်းထောင်အဖြစ် အသွင်ပြောင်းလဲထားသည့် သင်္ဘောတစ်စင်းပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ အဆိုပါသင်္ဘောပေါ်၌ စအိုလမ်းကြောင်းဆိုင်ရာ မုဒိမ်းကျင့်မှုနှင့် ပစ္စတိုသေနတ်ကို အသုံးပြုပြီး အတင်းအကျပ် ထိုးသွင်းစော်ကားမှု ဖြစ်စဉ်များအပါအဝင် လိင်ပိုင်းဆိုင်ရာ စော်ကားမှု အနည်းဆုံး ၁၂ ခုကို မှတ်တမ်းတင်ထားနိုင်ခဲ့ကြောင်း အဆိုပါအဖွဲ့က ဆိုသည်။

     ကူညီရေးအဖွဲ့မှ ပြင်သစ်နိုင်ငံသား ၃၇ ဦး နေရပ်သို့ ပြန် လည်ရောက်ရှိနိုင်ရေးအတွက် ကူညီပေးခဲ့သူ ဆာဘရီနာ ချာရစ် (Sabrina Charik)က ရိုက်တာ(Reuters) သတင်းဌာနသို့ ပြောကြားရာတွင် ပြင်သစ်နိုင်ငံသား တက်ကြွလှုပ် ရှားသူ ၅ ဦးမှာ နံရိုးကျိုးခြင်း သို့မဟုတ် ကျောရိုးဆစ်များ အက်ကွဲခြင်းတို့ကြောင့် တူရကီနိုင်ငံရှိ ဆေးရုံများတွင် တက်ရောက်ကုသနေရပြီး၊ ၎င်းတို့အနက် အချို့မှာ မုဒိမ်းမှုအပါအဝင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနှင့် ကြုံတွေ့ခဲ့ရကြောင်း အသေးစိတ် စွပ်စွဲပြောဆိုထားကြသည်ဟု ဆိုသည်။ ယခုစွပ်စွဲချက်များနှင့်ပတ် သက်၍ ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ စတီဖန် ဒူဂျာရစ် (Stephane Dujarric)ကလည်း ၎င်းတို့အနေဖြင့် အလွန် အမင်း စိုးရိမ်ပူပန်မိကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

     သို့သော်လည်း အစ္စရေးအကျဉ်းဦးစီးဌာန ပြောရေးဆို ခွင့်ရှိသူကမူ ယခုထွက်ပေါ်နေသည့် စော်ကားညှဉ်းပန်းမှု စွပ်စွဲချက်များအားလုံးသည် မှားယွင်းနေပြီး အချက် အလက်အခြေခံ လုံးဝမရှိကြောင်း ကြေညာချက်ထုတ်ပြန်ကာ ပြတ်ပြတ်သားသား ငြင်းဆိုထားသည်။ အီတလီ၊ ပြင်သစ်၊ နယ်သာလန်၊ ကနေဒါနှင့် စပိန်နိုင်ငံတို့အပါအဝင် နိုင်ငံအပြားက အစ္စရေးသံအမတ်များကို ဆင့်ခေါ်၍ လူသားတို့၏ ဂုဏ်သိက္ခာကို ချိုးဖောက်ကာ “လက်ခံနိုင်ဖွယ်မရှိသော” ဆက်ဆံမှုများအပေါ် ပြစ်တင်ရှုတ်ချခဲ့ကြပြီး၊ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးကလည်း အီတာမာ ဘင်ဂီဗာအပေါ် ပိတ်ဆို့အရေးယူမှုများ ပူးတွဲချမှတ်ရန် ဥရောပသမဂ္ဂ (EU) ကို တောင်းဆိုထားသည်။

Telegram»…
https://t.me/positiveanglenews

#PAN