ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်နှင့် ရေစီးရေလာကောင်းမွန်ရေး လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

(ဒေသဖွံ့ဖြိုးရေး) မေ ၂၃

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် လျှပ်စစ်ဓာတ်အားလိုင်းများ သွယ်တန်းထားရှိမှု၊ ကန်များ ပြုပြင်ထိန်းသိမ်းနေမှုနှင့် ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းတစ်လျှောက်ရှိ လျှပ်စစ်မီးကြိုးများ သွယ်တန်းထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်ချက်များကို ညွှန်ကြားခဲ့သည်။

ထို့နောက် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် အမှတ် (၃၄) ရပ်ကွက်ရှိ ယမနေကန်နှင့် ကန်တော်မင်္ဂလာကန်တို့၏ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို စစ်ဆေးကာ လိုအပ်ချက်များအား ဆက်လက်ဆောင်ရွက်ရန် မှာကြားခဲ့သည်။

ဆက်လက်၍ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် အမှတ် (၈) ရပ်ကွက်ရှိ နောင်ရိုးချောင်းတွင် ရေစီးရေလာကောင်းမွန်ရေးအတွက် ရေမြောင်းရှင်းလင်းနေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ဧရာဝဏ်လမ်းမကြီးတစ်လျှောက် ရေစီးရေလာကောင်းမွန်စေရေး လုပ်ငန်းများကိုလည်း ဆက်လက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့ပြင် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် အမှတ် (၁၆၈) ရပ်ကွက်ရှိ ဦးတရုတ်ချောင်းတွင် ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်နေမှုများကို စစ်ဆေးခဲ့သည်။

ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာကေတမြို့နယ် (၇/အရှေ့) ရပ်ကွက်ရှိ အမှတ် (၁၂) မြစ်ထွက်ပေါက်တွင် ရေစီးရေလာပိတ်ဆို့မှု မရှိစေရေးအခြေအနေများကို စစ်ဆေးခဲ့ပြီး ရန်ပြေလမ်းနှင့် ပြည်တော်အေးလမ်းကြားရှိ အမှတ် (၃) မြစ်ထွက်ပေါက်တွင် ကွန်ကရစ်လေးထောင့်ရေမြောင်း တည်ဆောက်နေမှုကိုလည်း ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ သာကေတမြို့နယ် (၂/မြောက်) ရပ်ကွက်ရှိ Fortune Plaza အရှေ့ဘက်နှင့် ဘေးပတ်လည်တွင် ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းဆယ်ယူရှင်းလင်းနေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးစေရေးနှင့် ရေရှည်ထိန်းသိမ်းနိုင်ရေးအတွက် လိုအပ်ချက်များကို ညွှန်ကြားခဲ့ကြောင်း သိရသည်။

#PAN