ပင်းပက်သံမဏိစက်ရုံ ပြန်လည်လည်ပတ်နိုင်ရေး မြန်မာ-ရုရှား ပူးပေါင်းဆွေးနွေး

(ပြည်တွင်း) မေ၂၂

စွန့်ပစ်အပူအသုံးပြု ဓာတ်အားထုတ်လုပ်ရေးအလုပ်ရုံ (HRPS) နှင့် Romelt နည်းစနစ်သုံး သံရည်ကျိုအလုပ်ရုံများ ပြန်လည်လည်ပတ်နိုင်ရေးအတွက် မြန်မာနှင့် ရုရှား ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

စက်မှုနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Tyazhpromexport Co., Ltd. (TPE)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် မစ္စတာ ဆာဂေး အေ ကိုပီလော့ဗ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် အမှတ်(၂) သံမဏိစက်ရုံ (ပင်းပက်) စီမံကိန်းအတွင်းရှိ HRPS အလုပ်ရုံ ပြန်လည်လည်ပတ်နိုင်ရေးအတွက် လုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်များကို အဓိကထား ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့အပြင် Romelt နည်းစနစ်ဖြင့် ဆောင်ရွက်မည့် သံရည်ကျိုအလုပ်ရုံ ပြန်လည်လည်ပတ်ရေးအတွက် ရုရှားအစိုးရဘက်မှ ကူညီပံ့ပိုးမှုများ ရရှိနိုင်ရေးနှင့် စီမံကိန်းဆိုင်ရာ စာချုပ်ပါ စည်းမျဉ်းစည်းကမ်းများကို လိုအပ်ချက်နှင့်အညီ ပြင်ဆင်ညှိနှိုင်းနိုင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။