(ပြည်တွင်း) မေ ၂၀
ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ခန်းမတွင် သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်ရေးဆိုင်ရာ ညှိနှိုင်းစည်းဝေးပွဲကို မေ ၁၉ ရက်နေ့ နေ့လည် ၁၁ နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါစည်းဝေးပွဲသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသော အမှတ်(၁) ဦးလှဌေး၊ အမှတ်(၂) ဒေါ်သင်းသင်းမွန်၊ မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့မိမြို့ဖများ၊ လုပ်ငန်းရှင်များ၊ မြို့ပေါ် (၁၀) ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက ဘိုကလေးမြို့ သန့်ရှင်းသာယာလှပရေးနှင့် မိုးတွင်းကာလတွင် ရေမြောင်းများ ရေစီးကောင်းမွန်စေရေးအတွက် ဌာနဆိုင်ရာများနှင့် ပြည်သူများ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ထို့ပြင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သင်းသင်းမွန်က ရပ်ကွက်အလိုက် အမှိုက်စွန့်ပစ်ရန် သတ်မှတ်ထားသောနေရာများ ပြုလုပ်ထားရှိရန်နှင့် အမှိုက်များကို အချိန်နှင့်တပြေးညီ စနစ်တကျ သိမ်းဆည်းပြီး မြို့ပြင်သို့ သယ်ယူစွန့်ပစ်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။တက်ရောက်လာသူများကလည်း သတ်မှတ်နေရာများတွင် အမှိုက်စွန့်ပစ်ရေး ပူးပေါင်းပါဝင်ရေး၊ စည်ပင်သာယာရေးယာဉ်များမှ အပတ်စဉ် သတ်မှတ်အကြိမ်ရေဖြင့် လှည့်လည်သိမ်းဆည်းရေးတို့ကို ဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြပြီး မြို့နယ်သန့်ရှင်းသာယာလှပရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် လူဦးရေ (၅၀) ပါဝင်သည့် ကော်မတီတစ်ရပ် ဖွဲ့စည်းခဲ့သည်။