(ပြည်တွင်း) မေ ၁၆
ပြင်ဦးလွင်ခရိုင် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနရုံးတွင် ၂၀၂၆ ခုနှစ် မေလ (၁၆) ရက်နေ့၊ နေ့လယ်ပိုင်းအချိန်တွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းသည် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ခရိုင်နှင့် မြို့နယ်အဆင့် ဦးစီးဌာနများမှ ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ကြသည်။
တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်သမ္မတ၏ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လမ်းညွှန်မှာကြားချက်များကို ဝန်ကြီးဌာန၏ အဓိက မောင်းနှင်အားများဖြစ်သည့် ဝန်ထမ်းများအားလုံး သိရှိလိုက်နာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ တွေ့ဆုံရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ဝန်ကြီးဌာနအနေဖြင့် သမဝါယမစနစ်ကို အခြေခံ၍ စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ စနစ်ကျသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖော်ဆောင်နိုင်ရေး၊ သမဝါယမစနစ်ဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ အောင်မြင်စေရေးနှင့် ဒေသထွက်ကုန်ကြမ်းများကို အသုံးပြုကာ တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးတို့ကို အလေးထား ဆောင်ရွက်ရန်လိုအပ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့အပြင် ဝန်ထမ်းများအနေဖြင့် သမဝါယမစနစ်ကို မဏ္ဏိုင်ပြု၍ ကျေးလက်ဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းများကို ဦးစီးဌာနအချင်းချင်း ပူးပေါင်းချိတ်ဆက်ကာ စေတနာထား ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သတင်းအချက်အလက်များကို မှန်ကန်စွာ ကောက်ယူ၍ ကျေးလက်နေပြည်သူများ စနစ်ကျသော စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လာစေရေး စည်းရုံးလုပ်ဆောင်ကြရန်နှင့် စည်းရုံးရေးမှူးကောင်းများ၊ ပေါင်းစပ်ညှိနှိုင်းရေးမှူးကောင်းများ ဖြစ်စေရန် ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲတွင် ဝန်ထမ်းများ၏ တင်ပြချက်များကိုလည်း ပြည်ထောင်စုဝန်ကြီးမှ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


#PAN