
(နိုင်ငံတကာ)မေ ၁၆
ထိုင်းနိုင်ငံ၏ မြို့တော် ဘန်ကောက်မြို့လယ်ခေါင်တွင် စနေနေ့မွန်းလွဲပိုင်းက ခရီးသည်တင် ဘတ်စ်ကားတစ်စင်းနှင့် ကုန်တင်ရထားတစ်စင်း ပြင်းထန်စွာ တိုက်မိမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၈ ဦး သေဆုံးပြီး ၃၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ တိုက်မိပြီးနောက် ဘတ်စ် ကားနှင့် အနီးနားရှိ ယာဉ်များပါ မီးဟုန်းဟုန်းတောက်လောင်ခဲ့သဖြင့် မြို့ပြလုံခြုံရေးနှင့် ရထားလမ်းစနစ်အပေါ် စိုးရိမ်ပူပန်မှုများ ပြန်လည်မြင့်တက်လာသည်။
မတော်တဆမှုသည် ဒေသစံတော်ချိန် မွန်းလွဲ ၃:၄၀ နာရီခန့်တွင် ဘန်ကောက်မြို့လယ်ရှိ လေဆိပ်ရထားလမ်းဘူတာ (Airport Rail Link Station) အနီးရှိ ရထားလမ်းဆုံတစ်ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မျက်မြင်သက်သေများနှင့် အစီရင်ခံချက်များအရ လမ်းကူးသံလမ်းအတားအဆီးများ ကျဆင်းလာချိန်တွင် ဘတ်စ်ကားမှာ လမ်းဆုံပေါ်၌ ပိတ်မိနေခဲ့ပုံရသည်။

ထိုသို့ ရပ်တန့်နေစဉ် တောင်ပိုင်းချာချိုးငြာဆောင်း (Chachoengsao)ပြည်နယ်မှ ဘန်ဆူး(Bang Sue) ခရိုင်သို့ မောင်းနှင်လာသည့် ကုန်တင်ရထားက ဘတ်စ် ကားကို အရှိန်ပြင်းစွာ ဝင်ရောက်တိုက်မိခဲ့သည်။ ရထားသည် ဘတ်စ်ကားနှင့်အတူ အနီးနားရှိ မော်တော် ယာဉ်အချို့ကိုပါ တရွတ်တိုက်ဆွဲခေါ်သွားခဲ့ပြီးနောက်၊ ခရီးသည်တင်ဘတ်စ် ကားမှာ မီးစတင်လောင်ကျွမ်းပြီး မီးလျှံများက ဝါးမြိုသွားခဲ့သည်။
ဘန်ကောက်မြို့ အရေးပေါ်ကယ်ဆယ်ရေးဌာနဖြစ်သော ဧရာဝဏ်ဆေးဘက်ဆိုင်ရာဗဟိုချက် (Erawan Medical Center)က သေဆုံးသူအရေအတွက်ကို အတည်ပြုခဲ့ပြီး၊ ရဲတပ်ဖွဲ့အကြီးအကဲ အူရမ်ပွန် ကွန်ဒက်ဆမ်ရစ်က ဒဏ်ရာရသူ အနည်းဆုံး ၃၅ ဦးရှိကြောင်း ဆိုသည်။ ပို့ဆောင်ရေးဒုတိယဝန်ကြီး သီရိဖုန်း အန်ကာဆာကူကီးယတ်၏ အဆိုအရ သေဆုံးသူရုပ်အလောင်းအားလုံးကို မီးလောင်ကျွမ်းနေသည့် ဘတ်စ်ကားပေါ်၌သာ တွေ့ရှိခဲ့ရခြင်းဖြစ်ပြီး၊ ကားပေါ်တွင် စုစုပေါင်းလူဦးရေ မည်မျှလိုက်ပါလာသည်ကိုမူ ဆက်လက်အတည်ပြုနေဆဲဖြစ်သည်။
ဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူးလ်က ယခုမတော်တဆမှုနှင့် ပတ်သက်၍ အမြန်ဆုံး စုံစမ်းစစ် ဆေးရန် အမိန့်ပေးထားသည်။ လက်ရှိတွင် မီးသတ်သမားများနှင့် ကယ်ဆယ်ရေးအဖွဲ့များက မီးကို ထိန်း ချုပ်နိုင်ခဲ့ပြီဖြစ်သော်လည်း၊ ဘတ်စ်ကားသည် ရထားသံလမ်းပေါ်တွင် ရပ်တန့်နေခဲ့ခြင်း ရှိ၊ မရှိ သို့မဟုတ်လမ်းကူးအတားအဆီးများစနစ်တကျ ကျဆင်းမလာခဲ့ခြင်း ရှိ၊ မရှိ ဆိုသည့်အချက်အပါအဝင် အသေးစိတ်အကြောင်းအရင်းကိုမူ ဆက်လက်စုံစမ်းစစ်ဆေးရဦးမည်ဟု ပို့ဆောင်ရေးဝန်ကြီးဌာနက ဆိုသည်။
အခင်းဖြစ်ပွားသည့်နေရာသည် ဘန်ကောက်မြို့၏ အချက်အချာကျသော ဗဟိုချက်ဖြစ်ပြီး လမ်းသွားလမ်းလာများနှင့် ယာဉ်ကြောများဖြင့် အလွန်စည်ကားနေချိန်လည်း ဖြစ်သည်။ အဆိုပါ ဘတ်စ်ကားမှာ မြို့အရှေ့ဘက်ဆင်ခြေ ဖုံးနှင့် မြို့လယ်ခေါင်ကို ချိတ် ဆက်ပြေးဆွဲနေသည့် လိုင်း ကားတစ်စင်း ဖြစ်သည်။
ယခုဖြစ်ရပ်ကြောင့် ထိုင်းနိုင်ငံ၏ ရထားလမ်းနှင့် အချက်ပြစနစ်များမှာ “အလွန်ခေတ်နောက်ကျနေပြီ” ဆိုသည့် ဝေဖန်မှုများနှင့် ဘန်ကောက်ရထားလမ်းပိုင်း ဘေးကင်းလုံခြုံမှုမှတ်တမ်းအပေါ် မေးခွန်းထုတ်မှုများ ပြင်းထန်လာသည်။ ပြီးခဲ့သည့် ဇန်နဝါရီလကလည်း ဘန်ကောက်မြို့အရှေ့မြောက်ဘက်တွင် ဆောက်လုပ်ရေးကရိန်းတစ်ခု ခရီးသည်တင်ရထားပေါ် ပြုတ်ကျမှုကြောင့် လူ ၂၈ ဦးအထိ သေဆုံးခဲ့သည့် ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ဖူးရာ၊ ယခုအခါ ငါးလအကြာတွင် နောက် ထပ် သေဆုံးမှုပြင်းထန်သည့် ရထားမတော်တဆမှုတစ်ခု ထပ်မံပေါ်ပေါက်လာခြင်း ဖြစ်သည်။
#BangkokTrainAccident #ThailandNews #ErawanCenter #TrainBusCollision #BreakingNews #PositiveAngleNews #TrafficSafety
Telegram»…
https://t.me/positiveanglenews
#PAN