
(နိုင်ငံတကာ)မေ ၁၅
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ တရုတ်နိုင်ငံခရီး စဉ်အပြီးတွင် အမေရိကန်နှင့် တရုတ်နိုင်ငံတို့ သည် ၂၀၂၅ ခုနှစ်အတွင်းက ကြုံတွေ့ခဲ့ရသည့် မငြိမ်မသက်မှုများကို ဘေးဖယ်ထားကာ ဘုံအကျိုးစီးပွားရှိမည့် လက်တွေ့ကျသော နယ်ပယ်များအပေါ် အာရုံစိုက်သည့် ဆက်ဆံရေးဆီသို့ ဦး တည်နေကြောင်း လေ့လာဆန်းစစ်သူများက ထောက်ပြကြသည်။
ထရန့်သည် ယခုသီတင်းပတ်အတွင်း ပေကျင်းမြို့၌ သုံးရက်ကြာ ရှိနေခဲ့ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံခဲ့သည်။ ၎င်းနှင့်အတူ Apple၊ Nvidia၊ BlackRock နှင့် Goldman Sachs ကဲ့သို့သော အမေရိကန် ထိပ်တန်းကုမ္ပဏီကြီးများမှ အမှုဆောင်အရာရှိချုပ် (CEO) များလည်း လိုက်ပါလာခဲ့ကြသည်။
ခေါင်းဆောင်နှစ်ဦး၏ တွေ့ဆုံမှုသည် တောင်ကိုရီးယားတွင် ပြုလုပ်ခဲ့သည့် ထိပ်သီးအစည်းအဝေးတစ်ခုအတွင်း အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲကို တစ်နှစ်ကြာ ရပ်ဆိုင်းထားရန် သဘောတူညီခဲ့ပြီး ခြောက်လအကြာတွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ထရန့်သည် ပြည်တွင်း၌ တရုတ်၏ စီးပွားရေးမူဝါဒများကို မကြာခဏ ဝေဖန်လေ့ရှိသော်လည်း၊ ယခုခရီးစဉ်အတွင်း ရှီကျင့်ဖျင်နှင့် လူချင်းတွေ့ဆုံရာတွင်မူ အဆင်ပြေပုံရသည့်အပြင် တရုတ်ခေါင်း ဆောင်အပေါ် ချီးကျူးစကားများကိုလည်း ရက်ရက်ရောရော ပြောကြားခဲ့သည်။
“ခင်ဗျားနဲ့အတူ ရှိနေရတာဟာ ဂုဏ်ယူစရာပါ၊ ခင်ဗျားရဲ့ သူငယ်ချင်းဖြစ်ရတာဟာ ဂုဏ်ယူစရာပါ၊ တရုတ်နဲ့ အမေရိကန်ကြားက ဆက်ဆံရေးဟာ အရင်ကထက် ပိုမိုကောင်း မွန်လာမှာပါ” ဟု ထရန့်က ကြာသပတေးနေ့တွင် ရှီကျင့်ဖျင်ကို ပြောကြားခဲ့သည်။
အိမ်ဖြူတော်၏ ထုတ်ပြန်ချက်အရ အမေရိကန်စီးပွား ရေးလုပ်ငန်းများ တရုတ်စျေးကွက်သို့ ပိုမိုဝင်ရောက်နိုင်ရေးနှင့် အမေရိကန်စက်မှုကဏ္ဍတွင် တရုတ်၏ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရေးတို့ကို အဓိကထား ဆွေးနွေးခဲ့ကြသည်။
ဤခရီးစဉ်အတွင်း ခေါင်းဆောင်နှစ်ဦးသည် ပထဝီနိုင်ငံ ရေးအရ အထိခိုက်မခံသော ကိစ္စရပ်များကို အလေးပေးဖော်ပြခြင်း မရှိဘဲ စီးပွားရေးကိုသာ ရှေ့တန်းတင်ခဲ့ကြသည်။ သမ္မတရှီက ထိုင်ဝမ်ကိစ္စမှာ “အရေးအကြီးဆုံးကိစ္စ” ဖြစ်ကြောင်းနှင့် မှားယွင်းကိုင်တွယ်ပါက ပဋိပက္ခဖြစ်နိုင်ကြောင်း သတိပေးခဲ့သော်လည်း၊ ထရန့်ဘက်ကမူ ထိုင်ဝမ်သို့ လက်နက်ရောင်းချမှု အနာဂတ်နှင့် ပတ်သက်၍ တစ်စုံ တစ်ရာ ထုတ်ဖော်ပြောကြားခြင်း မရှိဘဲ ရှောင်လွှဲခဲ့သည်။တရုတ်၏ မြေရှားသတ္တု ပို့ကုန်ကန့်သတ်မှုများနှင့် ပတ် သက်၍လည်း နှစ်ဖက်ထုတ်ပြန်ချက်များတွင် ထည့်သွင်းဖော်ပြခြင်း မရှိပေ။
လက်ရှိဖြစ်ပွားနေသော အီရန်စစ်ပွဲကြောင့် ဟော်မုဇ်ရေ လက်ကြား ပိတ်ထားရခြင်းအပေါ် နှစ်ဦးနှစ်ဖက် ဆွေးနွေးခဲ့ကြသည်။ စွမ်းအင်လွတ်လပ်စွာ စီးဆင်းနိုင်ရန် ရေလက် ကြားကို ပြန်ဖွင့်ရမည်ဟူသော အချက်တွင် နှစ်ဦးစလုံး သဘောတူညီခဲ့ကြသည်။ ရေလက် ကြားကို စစ်ရေးအရ အသုံးချခြင်းကို ရှီက ကန့်ကွက်ခဲ့ပြီး အမေရိကန်ထံမှ ရေနံပိုမိုဝယ်ယူရန် စိတ်ဝင်စားကြောင်း ပြောကြားခဲ့သည်။
Crisis Group မှ အရှေ့မြောက်အာရှဆိုင်ရာ အဆင့်မြင့်လေ့လာဆန်းစစ်သူ ဝီလျံယန်းက ထရန့်သည် အမေရိကန်-တရုတ် ဆက်ဆံရေးကို ပထဝီနိုင်ငံရေး အငြင်းပွားမှုများအောက်တွင် အပိတ်မခံဘဲ ပူးပေါင်းဆောင်ရွက်နိုင်မည့် နယ်ပယ်များအဖြစ် သီးသန့်ခွဲထုတ်(Compartmentalize) ကိုင်တွယ်လိုပုံရကြောင်း ဆိုသည်။ ပေကျင်းအတွက်မူ အရေးကြီးဆုံးမှာ နှစ်နိုင်ငံဆက် ဆံရေး မပြိုလဲသွားစေရန် “လုံခြုံ ရေးစည်း”(Guardrails)များ ချမှတ်နိုင်ခဲ့ခြင်းပင် ဖြစ် သည်။
#TrumpXiSummit #USChinaTrade #BusinessFirst #GlobalEconomy #Geopolitics #PositiveAngleNews #BreakingNews #InternationalRelations
Telegram»…
https://t.me/positiveanglenews
#PAN