ထိုင်းနိုင်ငံတွင် အရွယ်အစားကြီးမားသော ဒိုင်နိုဆောမျိုးစိတ်သစ်ရုပ်ကြွင်း တစ်ခုကို သိပ္ပံပညာရှင်များ ရှာဖွေဖော်ထုတ်

(နိုင်ငံတကာ)မေ ၁၅

     ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းတွင် ပြုလုပ်ခဲ့သည့် တူးဖော်မှုတစ်ခုအတွင်း အလေးချိန်အားဖြင့် အရွယ် ရောက်ပြီးသော ဆင်ကောင်ရေ ကိုးကောင်စာခန့်ရှိသည့် ဧရာမ ဒိုင်နိုဆောမျိုးစိတ်သစ်တစ်ခု၏ ရုပ် ကြွင်းများကို သိပ္ပံပညာရှင်များက အောင်မြင်စွာ ရှာ ဖွေဖော်ထုတ်နိုင်ခဲ့ပြီ ဖြစ်သည်။

     “Nagatitan chaiyaphumensis” ဟု အမည်ပေးထားသော ဤဒိုင်နိုဆောသည် အရှေ့တောင်အာရှတွင် အကြီးဆုံးအဖြစ် သိရသည့် ဒိုင်နိုဆောမျိုးစိတ်ဖြစ်ပြီး လည်ပင်းနှင့် အမြီးရှည်လျားကာ ဦးခေါင်းသေးငယ်ပြီး ထောက်တိုင်ကဲ့သို့ ခြေထောက်လေးချောင်းရှိသည့် “ဆောရိုပေါ့ဒ်” (sauropods) မျိုးနွယ်စုဝင်ဖြစ်ကြောင်း ကြာသပတေးနေ့က Scientific Reports ဂျာနယ်တွင် ဖော်ပြထားသည်။

     သုတေသနအစီရင်ခံစာအရ အပင်စားသတ္တဝါဖြစ်သည့် ဤဒိုင်နိုဆောသည် အလျား ၂၇ မီတာ(၈၉ ပေ) ခန့်ရှိပြီး အလေးချိန်အားဖြင့် ၂၇ တန်ခန့် ရှိသည်။ ၎င်းသည် လွန်ခဲ့ သောနှစ်ပေါင်း သန်း ၁၀၀ မှ သန်း ၁၂၀ ခန့်က ယခုထိုင်းနိုင်ငံတည်ရှိရာ ဒေသများတွင် ကျက် စားခဲ့ဖွယ်ရှိကြောင်း သုတေသီများက ဆိုသည်။

  ရုပ်ကြွင်းများတွင် ဦးခေါင်းနှင့် သွားများကို ရှာမတွေ့ခဲ့သော်လည်း အခြားသော ဆောရိုပေါ့ဒ် ဒိုင်နို ဆောများအပေါ် အခြေခံ၍ ၎င်းတို့၏ စားသောက်မှုပုံစံကို သိပ္ပံပညာရှင်များ ခန့်မှန်းနိုင်ခဲ့သည်။ “Nagatitan ဟာ အပင်တွေကို အများအပြား စားသုံးတဲ့ သတ္တဝါဖြစ်ပြီး ထင်းရှူးမျိုးနွယ်ဝင် အပင်တွေနဲ့ ဖမ်ပင်(ferns) တွေကို ဝါးစရာမလိုဘဲ မြိုချစားသုံးခဲ့တာ ဖြစ်နိုင်ပါတယ်” ဟု သုတေသနတွင် ဦး ဆောင်ပါဝင်သူ University College London မှ ပါရဂူဘွဲ့သင်တန်းဘသား ကိုသီတီဝုဒ်(Thitiwoot Sethapanichsakul) က ပြောကြားခဲ့သည်။

     ဆောရိုပေါ့ဒ် (Sauropods) များသည် ကမ္ဘာ့သမိုင်းတွင် မှတ်တမ်းတင်ထားသမျှ ကုန်းနေသတ္တဝါများအနက် အကြီးဆုံးသော သတ္တဝါများ ဖြစ်ကြသည်။

​     ယခုရှာဖွေတွေ့ရှိသည့် ဆောရိုပေါ့ဒ်မှာ ထိုင်းနိုင်ငံတွင် ဒိုင်နိုဆောများ တွေ့ရှိရသည့် ကျောက်လွှာများအနက် သက်တမ်းအနုဆုံး ကျောက်လွှာတစ်ခုအတွင်း တူးဖော်တွေ့ရှိခဲ့ခြင်းဖြစ်သောကြောင့် အဆိုပါ ထိုင်းပါရဂူဘွဲ့သင်တန်း သားက ၎င်းကို “နောက်ဆုံးသော တိုင်တန်” (The last titan)ဟု ခေါ်ဆိုခဲ့ခြင်း ဖြစ်သည်။

     Nagatitan များသည် လွန်ခဲ့သောနှစ်ပေါင်း ၁၄၀ သန်းခန့်က စတင်ပေါ်ပေါက်ခဲ့သည့် ဆောရိုပေါ့ဒ် မျိုးနွယ်စုခွဲတစ်ခုတွင် ပါဝင်ပြီး၊ လွန်ခဲ့သောနှစ်ပေါင်း ၉၀ သန်းခန့်တွင် ၎င်းတို့သည် ကမ္ဘာတစ်ဝန်း၌ ကျန်ရှိသည့် တစ်ခုတည်းသော ဆောရိုပေါ့ဒ် မျိုးနွယ်များ ဖြစ်လာခဲ့ကာ၊ လွန်ခဲ့သောနှစ်ပေါင်း ၆၆ သန်းက ဥက္ကာခဲတစ်ခုကြောင့် ဒိုင်နိုဆောခေတ်ကုန်ဆုံးချိန်အထိ ရှင်သန်ခဲ့ကြသည်။

     ဤဧရာမသတ္တဝါကြီး၏ ပထမဆုံးသော ရုပ်ကြွင်းများကို လွန်ခဲ့သော ၁၀ စုနှစ်တစ်ခုက ထိုင်းနိုင်ငံအရှေ့ မြောက်ပိုင်းရှိ ဒေသခံများက စတင်တူးဖော်တွေ့ရှိခဲ့ခြင်းဖြစ်သော် လည်း၊ သုတေသနအစီရင်ခံစာအရ တူးဖော်မှုလုပ်ငန်းများကို ၂၀၂၄ ခုနှစ်တွင်မှ အပြီးသတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

     Nagatitan ဟူသော အမည်မှာ ထိုင်းဘုရားကျောင်းများတွင် အထင်အရှား တွေ့ရလေ့ရှိသော အာရှရိုးရာ ယုံကြည်မှုလာ နဂါး (Naga) ကို အစွဲပြု၍ မှည့်ခေါ်ထားခြင်း ဖြစ်သည်။ လက်ရှိတွင် ထိုင်းနိုင်ငံ၌ အမည် ပေးပြီးသား ဒိုင်နိုဆော ၁၄ မျိုး ရှိလာပြီဖြစ်ပြီး “Nagatitan chaiyaphumensis” ၏ အရွယ်အစားတူ ပုံစံတူရုပ်တုကို ဘန်ကောက်မြို့ရှိ Thainosaur ပြ တိုက်တွင် ပြသထားကြောင်း သိရသည်။

​#DinosaurDiscovery #Thailand #Nagatitan #Paleontology #SoutheastAsia #NewSpecies #PositiveAngleNews #ScienceNews

Telegram»…
https://t.me/positiveanglenews

#PAN