ထိုင်ဝမ်အရေး အမှားအယွင်းရှိပါက ထိပ်တိုက်တွေ့လိမ့်မည်ဟု ရှီကျင့်ဖျင်က ထရန့်ကို သတိပေး

(နိုင်ငံတကာ)မေ ၁၄

     တရုတ်သမ္မတ ရှီကျင့်ဖျင်က အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်အား ထိုင်ဝမ်အရေးနှင့်ပတ်သက်၍ အမှားအယွင်းရှိခဲ့ပါက နှစ်နိုင်ငံအကြား “ပဋိပက္ခ” ဖြစ်ပွားသည်အထိ တွန်းပို့နိုင်ကြောင်း ပေကျင်းတွင်ပြုလုပ်သည့် ထိပ် သီးအစည်းအဝေး အဖွင့်စကား၌ ပြင်းထန်စွာ သတိပေးလိုက်သည်။

     ထရန့်သည် တရုတ်နိုင်ငံသို့ ရောက်ရှိလာချိန်တွင် ရှီကျင့်ဖျင်အား “ခေါင်းဆောင်ကြီး” နှင့် “သူငယ်ချင်း” ဟု ချီးကျူးစကားဆိုခဲ့ပြီး လာမည့် စက်တင်ဘာလတွင် အိမ်ဖြူတော်သို့ လာရောက်လည်ပတ်ရန် ဖိတ် ကြားခဲ့သည်။

     သို့သော်လည်း ရှီကျင့်ဖျင်ကမူ နှစ်နိုင်ငံအနေဖြင့် “ပြိုင် ဘက်များမဟုတ်ဘဲ မိတ်ဖက်များ” သာ ဖြစ်သင့်ကြောင်းနှင့် ပေကျင်းက ၎င်း၏ပိုင်နက်အဖြစ် အခိုင် အမာဆိုထားသည့် ထိုင်ဝမ်အရေးကို အလေးပေး ပြောကြားခဲ့သည်။

​ “ထိုင်ဝမ်ပြဿနာဟာ တရုတ်-အမေရိကန် ဆက်ဆံရေးမှာ အရေးအကြီးဆုံးကိစ္စဖြစ်ပါတယ်” ဟု ရှီကျင့်ဖျင်က ကြာသပတေးနေ့တွင် ပြုလုပ်သော ၂ နာရီကျော်ကြာ ဆွေး နွေးပွဲအတွင်း ပြောကြားခဲ့ကြောင်း တရုတ်နိုင်ငံပိုင်မီဒီယာများက ဖော်ပြသည်။

     ဆက်လက်၍ ရှီကျင့်ဖျင်က “ဒီကိစ္စကို ကိုင်တွယ်ပုံမှား ယွင်းခဲ့ရင် နှစ်နိုင်ငံဟာ ထိပ်တိုက်တွေ့တာ ဒါမှမဟုတ် ပဋိပက္ခဖြစ်ပွားတာမျိုးအထိ ဖြစ်လာနိုင်ပြီး တရုတ်-အမေရိကန် ဆက်ဆံရေးတစ်ခုလုံးကို အလွန်အန္တရာယ်များတဲ့ အခြေအနေဆီကို တွန်းပို့သလို ဖြစ်သွားပါလိမ့်မယ်” ဟု ထည့်သွင်းပြောကြားခဲ့သည်။

     အီရန်နှင့်စစ်ပွဲကြောင့် လူထုထောက်ခံမှု ကျဆင်းနေသည့် ထရန့်အတွက်မူ ၁၀ စုနှစ်တစ်ခုအတွင်း အမေရိကန်သမ္မတတစ်ဦး၏ ပထမဆုံး တရုတ်နိုင်ငံခရီးစဉ်မှာ စီးပွား ရေးအရ အောင်မြင်မှုများရရှိရန် အရေးပါသော အခွင့် အရေးတစ်ခု ဖြစ်နေသည်။

     တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ရှီကျင့်ဖျင်သည် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က တောင်ကိုရီးယားတွင် ပြုလုပ်ခဲ့သော နှစ်နိုင်ငံစီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ အကြိုညှိနှိုင်းမှုများတွင် “မျှတပြီး အပြုသဘောဆောင်သည့် ရလဒ်များ” ရရှိခဲ့ကြောင်း ထရန့်ကို ပြောကြားခဲ့သည်။

     အယ်လ်ဂျာဇီးယားသတင်းထောက် Katrina Yu က “ပေကျင်းရဲ့ သတင်းစကားကတော့ အီရန်၊ ကုန်သွယ် ရေး ဒါမှမဟုတ် နည်းပညာစတဲ့ ကိစ္စရပ်တွေမှာ လိုက် လျောညီထွေရှိဖို့ အသင့်ရှိနေပါတယ်။ ဒါပေမဲ့ သမ္မတရှီ လုံးဝလိုက်လျောမှာမဟုတ်တဲ့ တစ်ခုတည်းသောကိစ္စကတော့ ထိုင်ဝမ်အရေးပဲ ဖြစ်ပါတယ်” ဟု သုံး သပ်ပြောကြားခဲ့သည်။

​#ChinaUSSummit #XiJinping #DonaldTrump #TaiwanIssue #BeijingMeeting #GlobalPolitics #BreakingNews #PositiveAngleNews #InternationalRelations

Telegram»…
https://t.me/positiveanglenews

#PAN