မြောင်းမြမြို့နယ်၌ ကိုယ်ဝန်ဖျက်ချမှုဖြစ်စဉ်ကြောင့် အမျိုးသမီးတစ်ဦး သေဆုံးမှုဖြစ်ပွား

(မှုခင်း) မေ ၁၃

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်တွင် ကိုယ်ဝန်ဖျက်ချမှုနှင့် ဆက်စပ်သည့် ဖြစ်စဉ်တစ်ခုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးမှုဖြစ်ပွားခဲ့ပြီး အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်နေကြောင်း သက်ဆိုင်ရာသတင်းအရ သိရသည်။

ဖြစ်စဉ် မေ ၉ ရက် နံနက် ၁၁ နာရီ ၂၀ မိနစ်အချိန်၌ မြောင်းမြမြို့နယ် ပျဉ်းကတိုးကုန်းကျေးရွာနေ မ—- (၂၅ နှစ်) သည် ကိုယ်ဝန်ဖျက်ချပြီးနောက် သတိလစ်အခြေအနေဖြင့် ပုသိမ်ပြည်သူ့ဆေးရုံသို့ ရောက်ရှိလာခဲ့သော်လည်း ဆေးဘက်ဆိုင်ရာ စစ်ဆေးမှုအရ အသက်မရှိတော့ကြောင်း သိရှိရကြောင်းသိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝမရှိသူများမှမေးမြန်းရာတွင် မ—- သည် မေ ၅ ရက်နေ့က ငပုတောမြို့နေ အရပ်ဖက်ဆေးဆရာ ဦးအောင်ခင်သိန်းထံမှ နေအိမ်၌ ဆေးထိုးကုသမှုခံယူခဲ့ကြောင်း၊ မေ ၆ ရက်နေ့တွင် ကိုယ်ဝန်ပျက်ကျခဲ့ပြီး သတိမရသဖြင့် ကန်ရွာတိုက်နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း၊ ထို့နောက် မေ ၉ ရက်နေ့တွင် ပုသိမ်ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းပို့ဆောင်လာရာ ဆေးဘက်ဆိုင်ရာစစ်ဆေးရာတွင် သေဆုံးပြီးဖြစ်ကြောင်း သိရှိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကိုယ်ဝန်ဖျက်ချမှုကြောင့် လူသေဆုံးမှုဖြစ်စဉ်အတွက် ဦးအောင်ခင်သိန်းအား ဥပဒေအရ အမှုဖွင့်အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိပြီး သေဆုံးသူ၏ဖခင် ဦးမောင်သိန်းနှင့် ဆက်သွယ်ကာ သက်ဆိုင်ရာရဲစခန်းသို့ သွားရောက်တိုင်ကြားနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

#PAN