ကချင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ပူတာအိုမြို့နယ်တွင် စိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

(ပြည်တွင်း) မေ ၁၃

ကချင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံသည် မေ ၁၂ ရက်နေ့တွင် ပူတာအိုမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းလှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌသည် နံနက် ၁၂ နာရီ ၄၀ မိနစ်တွင် ခီဆီဒီးကျေးရွာရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးထားသည့် အလေဂျီစိုက်ခင်းကို သွားရောက်ကြည့်ရှုခဲ့ပြီး စိုက်ခင်းပိုင်ရှင်အား အလှူငွေများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့နောက် မူလာဒီကျေးရွာအုပ်စု အဒေဒီကျေးရွာရှိ ကျမ်းစာသင်ကျောင်းနှင့် ဘုရားကျောင်းသို့ သွားရာလမ်းအရှည်ပေ ၁၀၀၀ ကို ကွန်ကရစ်လမ်းခင်းနိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ပြီး လုပ်ငန်းများကို ခရိုင်နတလဌာနမှ တွက်ချက်လျာထားဆောင်ရွက်ရန် ညွှန်ကြားခဲ့သည်။

ထို့အပြင် မူလာဒီကျေးရွာရှိ ကျမ်းစာသင်ကျောင်းဝင်လမ်းအရှည်ပေ ၁၀၀၀ ကို ကွန်ကရစ်လမ်းခင်းခြင်းနှင့် Box Culvert တည်ဆောက်နိုင်ရေးအတွက်လည်း ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဆက်လက်အကောင်အထည်ဖော်နိုင်ရေး သက်ဆိုင်ရာဌာနများအား မှာကြားခဲ့သည်။

မွန်းလွဲပိုင်းတွင် ဇီဒမ်း(၂)ကျေးရွာခန်းမ၌ ကျင်းပသည့် မိုးစပါးမျိုးစေ့ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး အဖွင့်အမှာစကားပြောကြားရာတွင် လွှတ်တော်အစည်းအဝေးများ ကျင်းပခဲ့မှုအခြေအနေများနှင့် ဥပဒေ၊ နည်းဥပဒေများကို ပြည်သူများနားလည်သဘောပေါက်စေရန် ရှင်းလင်းပြောကြားခဲ့သည်။

အခမ်းအနားတွင် လွှတ်တော်ကိုယ်စားလှယ်များက မိတ်ဆက်ရှင်းလင်းဆွေးနွေးခဲ့ပြီး ဒေသခံပြည်သူများကလည်း ဒေသလိုအပ်ချက်များကို တင်ပြခဲ့ကြသည်။

ထို့နောက် လွှတ်တော်ဥက္ကဋ္ဌက မိုးစပါးမျိုးစေ့များနှင့် အလှူငွေများကို ပြည်သူများအား ထောက်ပံ့ပေးအပ်ခဲ့ပြီး အခမ်းအနားသို့ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူစုစုပေါင်း ၇၀ ခန့် တက်ရောက်ခဲ့ကြသည်။

ဆက်လက်၍ ထဝါဒမ်းကျေးရွာနှင့် နမ်ဒီကျေးရွာကြား ကျေးရွာချင်းဆက်လမ်းပေါ်တွင် သံပေါင်တံတားတည်ဆောက်ရန် လိုအပ်ချက်များနှင့် ဘတ်ဂျက်လျာထားဆောင်ရွက်နိုင်ရေး အခြေအနေများကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းညှိနှိုင်းကာ ကွင်းဆင်းစစ်ဆေးခဲ့သည်။

#PAN