ငပုတောမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး၊ ပြည်သူများနှင့်တွေ့ဆုံညှိနှိုင်း

(ပြည်တွင်း) မေ ၁၁

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငပုတောမြို့နယ်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်သန်းမြင့်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသော ဦးမင်းမင်းကျော်၊ ဒေါ်အေးအေးကြူတို့သည် လမ်းပန်းဆက်သွယ်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးကာ ဒေသခံပြည်သူများနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ရှေးဦးစွာ ငပုတောမြို့နယ်အတွင်း ပါဝင်သော ကျောက်ဖျာလေး–လပ္ပတ္တာ–သုံးခွ–အုတ်တွင်း–ထိပ်စွန်း လမ်းပိုင်းများတွင် ပျက်စီးနေမှုများကို လမ်းအထူးအဖွဲ့ အမှတ် (၂၀) မှ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ထို့နောက် မကျည်းပင်ကျေးရွာအုပ်စုတွင် နံနက် ၁၁ နာရီတွင် ပြည်သူ ၄၀ ဦးနှင့်တွေ့ဆုံခဲ့ပြီး၊ ကညင်ငူကျေးရွာတွင် မွန်းလွဲ ၃ နာရီတွင် ပြည်သူ ၉၃ ဦးနှင့်၊ သကန်းကုန်ကျေးရွာတွင် ညနေ ၄ နာရီခွဲတွင် ပြည်သူ ၈၀ ဦးနှင့် အသီးသီးတွေ့ဆုံကာ ဒေသခံပြည်သူများ၏ လိုအပ်ချက်များကို နားထောင်၍ ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး ညနေ ၅ နာရီခွဲတွင် အစီအစဉ်များပြီးဆုံးခဲ့သည်။

တွေ့ဆုံပွဲများတွင် ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ကြပြီး မြို့နယ်တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ထို့ပြင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ရက် (၁၀၀) စီမံချက်ဖြင့် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနေမှုကို မကျည်းပင်ကျေးရွာ စာသင်ကျောင်းတွင် ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး Unique ID ကတ်ပြားများကို ဒေသခံပြည်သူများထံ လက်ဝယ်အရောက် ပေးအပ်ခဲ့သည်။

ဆက်လက်၍ တာဝန်ရှိသူများနှင့် လမ်းအထူးအဖွဲ့ အမှတ် (၂၀) နှင့် တံတားအထူးအဖွဲ့မှ တာဝန်ရှိသူများသည် အထက်ပြွန်ကျေးရွာအုပ်စု ရေပေါ်လေးကျေးရွာရှိ ရေပေါ်လေးတံတား ကြမ်းခင်းပြန်လည်ပြုပြင်နေမှုကို စစ်ဆေးခဲ့ပြီး လပ္ပတ္တာ–ကျောက်ဖျာလေး–သုံးခွ–အုတ်တွင်း–ထိပ်စွန်း လမ်းပိုင်း မိုင်တိုင်အမှတ် (၂၃/၁) မှ (၂၃/၅.၅) အထိကို ကတ္တရာလမ်းအသစ်အဖြစ် အဆင့်မြှင့်တင်နိုင်ရေး ၂၀၂၆–၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်နိုင်မည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

#PAN