တာချီလိတ်တွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ကျောင်းသားပြိုင်ပွဲများ ကျင်းပ

(ပြည်တွင်း) မေ ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ကျောင်းသားပြိုင်ပွဲများ (၃၉) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ တာချီလိတ်ခရိုင်အဆင့် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီနှင့် စာစီစာကုံးပြိုင်ပွဲများကို မေလ ၁၀ ရက် နံနက်ပိုင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို ခရိုင်အဆင့်ပြိုင်ပွဲများတွင် ပြိုင်ပွဲအမျိုးအစားများနှင့် စည်းကမ်းချက်များကို ခရိုင်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင့်ဝေသုံနှင့် တွဲဘက်အတွင်းရေးမှူး ဒုတိယရဲမှူး သောင်းရွှေတို့က ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ အာခါတိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းအောင်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်ကျောင်းသားကျောင်းသူများအား ကျောင်းသုံးဗလာစာအုပ်များ ပေးအပ်ခဲ့ကြောင်း သိရပြီး ပြိုင်ပွဲများတွင် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ပန်းချီပြိုင်ပွဲဝင် ၂၁ ဦး၊ ကာတွန်းပြိုင်ပွဲဝင် ၉ ဦး၊ ပိုစတာပြိုင်ပွဲဝင် ၁၆ ဦး၊ ကွန်ပျူတာပန်းချီပြိုင်ပွဲဝင် ၅ ဦးနှင့် စာစီစာကုံးပြိုင်ပွဲဝင် ၁၇ ဦး စုစုပေါင်း ကျောင်းသားကျောင်းသူ ၆၈ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲကျင်းပနေမှုကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ အာခါတိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းအောင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ငြိမ်းအောင်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင့်ဝေသုံ၊ ခရိုင်ပညာရေးမှူး ဒေါ်ခင်ဝင်းကြည်နှင့် ပညာရေးဝန်ထမ်းများ၊ မူးယစ်တပ်ဖွဲ့စု (၃၀) တာချီလိတ်မှ ဒုတိယရဲမှူး သောင်းရွှေနှင့် မူးယစ်တပ်ဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ထိုပြိုင်ပွဲတွင် ဆုရရှိသူများအား ဇွန်လ ၂၆ ရက်တွင် ကျင်းပမည့် (၃၉) ကြိမ်မြောက်အပြည် ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရား မဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် ဆုများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

#PAN