ကလေးမြို့အဝင်၌ ဘိန်းဖြူ ၇၇ ကီလိုနှင့် စိတ်ကြွဆေးပြား ၄ သန်း ဖမ်းဆီးရမိ

(မှုခင်း) ဧပြီ ၁ဝ

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့အဝင်၌ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ရှာဖွေစစ်ဆေးမှုများ ဆောင်ရွက်စဉ် ဧပြီ ၁၂ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်တွင် မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါနေ့တွင် သက်ပိုင်စိုးမောင်းနှင်ပြီး ဇော်ထိုက်လိုက်ပါလာသော NISSAN CONDOR ယာဉ်နှင့် မျိုးရဲနိုင်မောင်းနှင်ပြီး ကျော်လင်းလိုက်ပါလာသော GOLDEN TRUCK ယာဉ်တို့အား ရှာဖွေစစ်ဆေးရာ ယာဉ်များပေါ်မှ ဘိန်းဖြူ ၄၈ ဒသမ ၄ ကီလိုကို တွေ့ရှိဖမ်းဆီးရမိခဲ့သည်။

ထို့အပြင် စစ်ဆေးဖော်ထုတ်ချက်အရ ကလေးမြို့ စက်မှုဇုန်သွားလမ်းတွင် နိုင်လင်းဇော်မောင်းနှင်ပြီး နေလင်းဦး (ခ) ဆေးဆရာလိုက်ပါလာသော NISSAN CONDOR ယာဉ်အား ထပ်မံစစ်ဆေးရာ ဘိန်းဖြူ ၂၈ ဒသမ ၆ ကီလိုကို ထပ်မံတွေ့ရှိခဲ့သည်။

အဆိုပါဖမ်းဆီးရမိမှုများကြောင့် စုစုပေါင်း ဘိန်းဖြူ ၇၇ ကီလို (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃ ဒသမ ၈၅ ဘီလီယံခန့်) ကို သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။စစ်ဆေးဖော်ထုတ်ချက်များအရ ယင်းမူးယစ်ဆေးဝါးများကို ကလေးမြို့တွင် လက်ခံမည့် ညွန့်တင်အား ဧပြီ ၁၂ ရက် မွန်းလွဲ ၁ နာရီခန့်တွင် ကလေးမြို့အဝင်၌ ဖမ်းဆီးရမိခဲ့ပြီး သယ်ဆောင်ခိုင်းသူ နိုင်ဝင်း (ခ) ရုပ်ဆိုးအားလည်း ညနေ ၆ နာရီခန့်တွင် ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ် ပြည်-အောင်လံ ကားလမ်း တီတွတ်ကျေးရွာအနီးတွင် TOYOTA HILUX ယာဉ်တစ်စီးနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့သည်။

ထို့အပြင် ဆက်စပ်တရားခံဖြစ်သူ ဘဂျမ်းအား ဧပြီ ၃၀ ရက် မွန်းလွဲ ၂ နာရီခန့်တွင် မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ် ကတိုးကျေးရွာရှိ ၎င်း၏နေအိမ်တွင် ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ဖော်ထုတ်ချက်အရ ပြည်ကြီးတံခွန်မြို့နယ် (ဈ) ရပ်ကွက်ရှိ ၅၉ လမ်းနှင့် ၁၃၉ လမ်းထောင့်တွင် ရပ်တန့်ထားသော NISSAN CONDOR ယာဉ်ပေါ်မှ စိတ်ကြွဆေးပြား ၄ သန်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆ ဘီလီယံခန့်) ကို ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ယင်းဖြစ်စဉ်တွင် စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၉ ဒသမ ၈၅ ဘီလီယံခန့်ရှိ ဘိန်းဖြူ ၇၇ ကီလိုနှင့် စိတ်ကြွဆေးပြား ၄ သန်းတို့ကို ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရမိသူများအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားရှိကြောင်း သိရသည်။

ထို့ပြင် မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်မှုမှ ရရှိသည့် ငွေကြေးနှင့် ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအရ ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိပြီး ဆက်စပ်တရားခံများအား ဆက်လက်ဖမ်းဆီးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

#PAN