(ပြည်တွင်း) မေ ၁၀
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးသည် ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ၊ ဒုတိယဥက္ကဋ္ဌနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မေ ၇ ရက်နေ့ နေ့လယ်ပိုင်းတွင် မာန်အောင်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ဦးစွာ ခအုန်းမော်ကျေးရွာအုပ်စုရှိ ဆိုလာစနစ်ဖြင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေသော စက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ ဒုတိယပြည်နယ်လျှပ်စစ်အင်ဂျင်နီယာက စက်ရုံ၏ လည်ပတ်မှုနှင့် လျှပ်စစ်ဖြန့်ဖြူးပေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။

ထိုတင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည့်အချက်များကို ပြန်လည်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် မြို့မရပ်ကွက်ရှိ မဟာဓမ္မိကာရုံကျောင်းတိုက်သို့ သွားရောက်၍ သံဃာတော်များအား ဖူးမြော်ကာ သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ပြီး ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ထို့အပြင် အနုမောဒနာတရား နာယူကာ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

ဆက်လက်၍ မာန်အောင်မြို့ မူလတန်းကြိုကျောင်း ကျောင်းဆောင်သစ်ဖွင့်ပွဲသို့ တက်ရောက်ခဲ့ပြီး ကျောင်းဆောင်သစ်အား တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် မူကြိုကလေးငယ်များအား စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ပြီး မိဘများနှင့်တွေ့ဆုံကာ ကလေးငယ်များ မူကြိုပညာရေးရရှိနိုင်ရေး ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းပြောကြားခဲ့သည်။ထို့အပြင် မြို့မဈေးတွင် ဆောက်လုပ်နေသော ဟင်းသီးဟင်းရွက်နှင့် သားငါးဈေးတန်းများအား ကြည့်ရှုစစ်ဆေးခဲ့ရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူက လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြခဲ့သည်။
ပြည်နယ်ဝန်ကြီးချုပ်က ဈေးအတွင်း သန့်ရှင်းသာယာရေးနှင့် မီးဘေးလုံခြုံရေးကို အထူးအလေးပေးဆောင်ရွက်ရန် မှာကြားခဲ့သည်။ထို့နောက် မာန်အောင်မြို့နယ်ရှိ MSME လုပ်ငန်းတစ်ခုဖြစ်သော မာန်အောင်ရတနာကုမ္ပဏီ၏ အုန်းနို့၊ အုန်းဆီနှင့် အုန်းသီးခြောက်မုန့် ထုတ်လုပ်ရေးစက်ရုံသို့ သွားရောက်ကြည့်ရှုခဲ့ရာ ကုမ္ပဏီတာဝန်ခံက ထုတ်ကုန်များနှင့် ဈေးကွက်ဖြန့်ဖြူးမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။
ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များကို ဆွေးနွေးညှိနှိုင်းပေးခဲ့ပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှုခဲ့သည်။ယင်းနောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကျင်းပသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များနှင့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို တင်ပြခဲ့သည်။
ထိုတင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး ဌာနဆိုင်ရာဝန်ထမ်းများအား ဆန်နှင့် စားသောက်ဖွယ်ရာများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
#PAN