(ပြည်တွင်း) မေ ၁၀
ပြည်သူ့အသံအားနားထောင်၍ တိကျစွာ လွှတ်တော်တွင် ပြန်လည်တင်ပြကြရန် မွန်လွှတ်တော်ဥက္ကဋ္ဌ ဦးသက်ထွေးမှ လွှတ်တော်ကိုယ်စားလှယ်တွေကို တိုက်တွန်း ပြောဆိုလိုက်သည်။အခမ်းအနားသို့ မွန်ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးသက်ထွေး၊ ဒုတိယဥက္ကဌ ဦးမင်းအောင်မြင့်၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မရှင်အဖွဲ့ဥက္ကဌ ဦးစိုးအောင်၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးစံလှဘော်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ယာယီဒုရဲမှူးကြီး မြင့်နိုင်၊ မြို့နယ်ပညာရေးမှူး ဦးမြင့်ထွေး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်လေးမိုးသူ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးချမ်းမုံတို့နှင့်အတူ ပါတီဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများ စုစုပေါင်း ၁၅၀ ဦးခန့် တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ကိုယ်စားလှယ်ရုံးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း၊ ပါတီဆိုင်းဘုတ်အား အမွှေးနံ့သာရေများ ပတ်ဖြန်းခြင်းတို့ ပြုလုပ်ခဲ့ပြီး မွန်ပြည်နယ်လွှတ်တော်ဥက္ကဌနှင့် ဒုတိယဥက္ကဌတို့က အမှာစကားများ ပြောကြားခဲ့ကြသည်။

ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဌ ဦးအောင်မြင့်က ယနေ့အချိန်တွင် ရွေးကောက်ခံအစိုးရသစ်မှတိုင်းပြည်အား ထိန်းကြောင်းအမောင်းနှင်နေပြီဖြစ်လို့ ပြည်သူများအနေဖြင့် ပူးပေါင်းပါဝင်ကြရန်၊ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပြည်သူ့အကျိုးအား ဌာနဆိုင်ရာများဖြင့် ပူးပေါင်း၍ ဆောင်ရွက်ရန်ပြောကြားခဲ့ကြောင်းသိရသည်။

အခမ်းအနားတက်ရောက်လာသည့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ပါတီဝင် ဦးစိုးစိုးက မြို့နယ်အတွင်း မော်တော်ဆိုင်ကယ် ၂ ဦး စီးနင်းမှုနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ရာ ခရိုင်စီမံခန့်ခွဲရေးကော်မတီဥက္ကဌ ဦးစိုးအောင်က ပြန်လည်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

ထို့နောက် သထုံမြို့နယ် နောင်ဘိုကျေးရွာရှိ ကဿဖတိုက်ကျောင်းတွင် ကျင်းပပြုလုပ်လျက်ရှိသော နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) စီမံချက်အရ နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ် ထုတ်ပေးခြင်းလုပ်ငန်းများကို သက်ဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် သက်ဆိုင်ရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြခဲ့ကြပြီး မွန်ပြည်နယ်လွှတ်တော်ဥက္ကဌက နိုင်ငံသားစိစစ်ရေး လာရောက်ပြုလုပ်သည့် ဒေသခံပြည်သူများအား နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

#PAN