(ပြည်တွင်း) မေ ၈
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ရုံးခန်း၌ မေ ၇ ရက်နေ့ နံနက် ၉ နာရီက လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်းနှင့် လူငယ်များ တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲသို့ လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်း၊ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းအောင်ကြည်၊ ပြင်ဦးလွင်မြို့နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဟိန်းမင်းဦး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ ဦးဝင်းဇော်၊ ဦးမျိုးမြင့်နှင့် ပြင်ဦးလွင်မြို့မှ လူငယ် ၅၀ ဦးခန့် တက်ရောက်ခဲ့ကြသည်။
တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်းက ပညာရေးအကြောင်းအမျိုးမျိုးကြောင့် ကျောင်းထွက်ခဲ့ရသည့် လူငယ်များအတွက် ကျောင်းပြင်ပပညာရေး အစီအစဉ်များဖြင့် ဆက်လက်သင်ကြားနိုင်ရန် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် ပညာရေးဆက်လက်မသင်ကြားလိုသူများအတွက် အသက်မွေးဝမ်းကျောင်းပညာ သင်ကြားပေးမည်ဖြစ်ပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် အရင်းအနှီးများ ထုတ်ချေးပေးရေးကိုလည်း စီစဉ်ထားကြောင်း သိရသည်။
လူငယ်ထုအတွက် ခိုင်မာသော အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဖော်ဆောင်နိုင်ရန်နှင့် လူငယ်များကြုံတွေ့နေရသည့် အခက်အခဲများ၊ ဒေသအလိုက်လိုအပ်ချက်များကို ဖြေရှင်းပေးသွားမည်ဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
#PAN