
(ပြည်တွင်း) မေ ၇
တပ်မတော်အနေဖြင့် ပြည်သူလူထု အေးချမ်းစွာနေထိုင်နိုင်ရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို ရည်ရွယ်၍ လုံခြုံရေးနှင့် အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter-Terrorism Operation) များကို နိုင်ငံတဝန်းရှိ သက်ဆိုင်ရာဒေသအချို့တွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါစစ်ဆင်ရေးများအရ အကြမ်းဖက်အဖွဲ့ဟု ဖော်ပြထားသောအဖွဲ့အစည်းများ ယာယီစိုးမိုးထားခဲ့သည့် ချင်းပြည်နယ် ဖလမ်းမြို့အား ဧပြီ ၂၅ ရက်တွင် တပ်မတော်က အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။
ယင်းသို့ ယာယီစိုးမိုးခံထားရသည့်ကာလအတွင်း ဒေသခံတိုင်းရင်းသားပြည်သူများသည် နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရပြီး လူမှုစီးပွား၊ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများတွင် အခက်အခဲများ ကြုံတွေ့ခဲ့ရကြောင်း သိရသည်။ လက်ရှိတွင် ဖလမ်းမြို့အား ပြန်လည်ထိန်းချုပ်ပြီးနောက် ဒေသခံအချို့သည် နေရပ်သို့ ပြန်လည်ဝင်ရောက်နေထိုင်လျက်ရှိကြောင်းလည်း သိရသည်။
တပ်မတော်စစ်ကြောင်းများအနေဖြင့် ဒေသတွင်း အုပ်ချုပ်ရေးယန္တရားများ ပြန်လည်လည်ပတ်နိုင်ရေး၊ ရုံးဌာနများ၊ စာသင်ကျောင်းများနှင့် ဆေးရုံများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်မှုများကို ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။ ထို့အပြင် ပျက်စီးခဲ့သည့် အစိုးရဌာနဆိုင်ရာ အဆောက်အအုံများ၊ လူနေအိမ်များနှင့် ဘာသာရေးဆိုင်ရာ အဆောက်အအုံများကို ပြန်လည်ပြုပြင်ရေးလုပ်ငန်းများလည်း ဆောင်ရွက်နေကြောင်း သိရသည်။
ထို့ပြင် မြေမြုပ်မိုင်းအန္တရာယ်ကင်းရှင်းရေးအတွက် မိုင်းရှင်းလင်းရေးလုပ်ငန်းများနှင့် လုံခြုံရေးဆောင်ရွက်မှုများကိုလည်း တပြိုင်နက်တည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယနေ့တွင် ဖလမ်းဒေသခံပြည်သူများအတွက် ကူညီထောက်ပံ့ရေးပစ္စည်းများနှင့်အတူ သက်ဆိုင်ရာဌာနဆိုင်ရာအဖွဲ့အစည်းများသည် ကလေးမြို့မှ ထွက်ခွာလာပြီး ဖလမ်းမြို့သို့ ရောက်ရှိကာ ဒေသခံများက ကြိုဆိုခဲ့ကြကြောင်း သိရသည်။
ဒေသခံပြည်သူများအနေဖြင့် ငြိမ်းချမ်းရေးနှင့် ပုံမှန်ဘဝပြန်လည်ရရှိရေးကို မျှော်လင့်နေကြပြီး ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားကဏ္ဍများကို ပြန်လည်ဖွံ့ဖြိုးတိုးတက်စေရန် လိုလားနေကြောင်း သိရသည်။
တပ်မတော်အနေဖြင့် ဖလမ်းမြို့အပါအဝင် သက်ဆိုင်ရာဒေသများတွင် လုံခြုံရေးလုပ်ငန်းများကို ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အမြန်ဆုံးအကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။