ပြည်ကြီးတံခွန်တွင် ပြည်သူ–လွှတ်တော်တွေ့ဆုံပွဲ ကျင်းပရက် ၁၀၀ စီမံချက်များနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ရှင်းလင်း

(ပြည်တွင်း) မေ ၄

ပြည်ကြီးတံခွန်မြို့နယ် တံခွန်တိုင်ရပ်ကွက်ရှိ မျိုးသိန်းဓမ္မာရုံတွင် မေလ ၄ ရက်နေ့ မနက် ၉ နာရီမှ ၁၁ နာရီအထိ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကို ကျင်းပခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဖေမောင် နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များဖြစ်သော ဦးသိန်းလွင်၊ ဦးတင်ထွန်း တို့အပါအဝင် ပါတီတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။

တွေ့ဆုံပွဲတွင် လွှတ်တော်ကိုယ်စားလှယ်များမှ မိတ်ဆက်စကားများပြောကြားပြီး လွှတ်တော်အတွေ့အကြုံများ၊ အစိုးရသစ်လက်ထက် ရက် ၁၀၀ စီမံချက်များ၏ ဆောင်ရွက်နေမှုအခြေအနေများနှင့် တိုင်းဒေသကြီးအစိုးရ၏ လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ကြသည်။ ထို့အပြင် ပြည်ကြီးတံခွန်မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သွားမည့် အစီအစဉ်များကိုလည်း ထည့်သွင်းရှင်းလင်းခဲ့ကြသည်။

ထို့နောက်် တက်ရောက်လာသော ဒေသခံပြည်သူများက ဒေသဖွံ့ဖြိုးရေးနှင့်ပတ်သက်သည့် လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ကြပြီး လွှတ်တော်ကိုယ်စားလှယ်များမှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြကြောင်း သိရသည်။