မြိတ်တွင် UID ကတ် အမြန်ထုတ်ပေးရေး အစည်းအဝေး ရက် ၁၀၀ အတွင်း ပြည်သူများအတွက် ကတ်များ ထုတ်ပေးမည်

(ပြည်တွင်း) မေ ၄

တနင်္သာရီတိုင်းဒေသကြီး အတွင်း ပြည်သူများအတွက် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များကို အမြန်ထုတ်ပေးနိုင်ရေး ရည်ရွယ်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြိတ်ခရိုင်ရုံးခန်းတွင် မေလ ၃ ရက်နေ့ နေ့လည်ပိုင်းက လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် တိုင်းဒေသကြီး လဝက ညွှန်ကြားရေးမှူးက ရက် ၁၀၀ အတွင်း အသက် ၁၀ နှစ်နှင့် ၁၈ နှစ်ပြည့်သူများအပြင် အရွယ်ရောက်ပြီးသူများအား နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များ ထုတ်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့အပြင် ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ခြင်း၊ စာသင်ကျောင်းများတွင်ပါ ဆောင်ရွက်ခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်းနှင့် အင်တာနက်ရရှိသည့် ကျေးရွာများကို အခြေပြုကာ နီးစပ်ရာဒေသများမှ ပြည်သူများကိုလည်း ကတ်များ ထုတ်ပေးနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

သယ်ယူပို့ဆောင်ရေးနှင့် လူစုစည်းပေးမှုများတွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများမှ ပူးပေါင်းကူညီပေးရန် တိုက်တွန်းထားပြီး UID ကတ် ဆောင်ရွက်ရန် ကျန်ရှိသူများကိုလည်း ရက် ၁၀၀ ကျော်ပြီးနောက် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် မြိတ်ခရိုင် လဝက ဦးစီးမှူးမှ ခရိုင်အတွင်း ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ဆက်လက်ရှင်းလင်းခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်များက မြေပြင်တွင် ကြုံတွေ့နေရသည့် အခက်အခဲများကို တင်ပြဆွေးနွေးခဲ့ကြကြောင်း သိရသည်။