အီရန်စစ်နဲ့ လှိုင်းပြာသက်ရောက်မှု

(နိုင်ငံတကာသတင်းဆောင်းပါး)မေ ၄
(နေဇင်လတ်)

     ယူကရိမ်းစစ်ထက် အီရန်စစ်က လှိုင်းဖြာသက် ရောက်မှု(Rippling Effect) အများကြီးပိုပြင်းထန်တာတွေ့ရတယ်။ လှိုင်းဖြာသက်ရောက်မှုဆိုတာ ငြိမ်နေတဲ့ ကန်ရေပြင်ထဲကို ခဲတစ်လုံးပစ်ချလိုက်ရင် ခဲကျတဲ့နေရာက Epic Center အပြင်းထန်ဆုံးဖြစ်ပြီး၊ လှိုင်း တွန့်လေးတွေက ပတ်လည်ဘေးတစ်ဝိုက်ကိုရိုက်ခတ်သွားတဲ့ဖြစ်စဉ်မျိုးပါ။

     အီရန်နဲ့ အမေရိကန် စစ်သက်သက်ဆိုရင်တစ်မျိုးပါ။ အီရန်စစ်ကတစ်ဆင့် တရုတ်ကိုပစ်မှတ်ထားတိုက်ခိုက်လာတော့ သက်ရောက်မှုက ပိုကြီးလာတယ်။ အီရန်ကလည်းလက်နက်ချင်း မယှဉ်နိုင်လေတော့ နိုင်ရာကို ပြန်ကိုင်တဲ့အနေနဲ့ အမေရိကန်မဟာမိတ်ပင်လယ်ကွေ့ နိုင်ငံတွေကို စစ်ထဲဆွဲသွင်းလိုက်တော့ သက်ရောက်မှုကပိုကြီးသွားပြန်တယ်။ နောက်တစ်ခါ ဟော်မုဇ်ကိုပါပိတ်ပစ်လိုက်တော့ Rippling Effectက ဒေသတွင်း သာမကတော့ပဲ တစ်ကမ္ဘာလုံးဆီ ပျံ့နှံ့သွားလောက်အောင်သက်ရောက်မှုက ထပ်ဆင့်ကြီးသွားရပြန်တယ်။ မကြီးလို့လဲ မရပြန်ဘူး။ ကမ္ဘာ့ရေနံရာခိုင်နှုန်း ၂ဝ က ဟော်မုဇ်က ဖြတ်သန်းရတာကိုး။

     အီရန်မှာအကြပ်ကိုင်ဖို့ အနည်းဆုံးနောက်တစ်ဆင့်မက ရှိနေပြန်ပါသေးတယ်။ အဲဒါကတော့ ကမာ့ဆက်သွယ်ရေး ကွန်ရက်ရဲ့ ရေအောက်ဝါယာတွေကို ဖြတ်တောက်ပစ်ခြင်းပါ။ ဒီတစ်ကြိမ် စစ်ထပ်ဖြစ်ရင် အရင်ကမမြင်ဖူးသေးတဲ့ လက်နက်ကို ထုတ်သုံးသွားမယ်ဆိုတဲ့အချက်ရယ်၊ လျှို့ဝှက်ထားတဲ့ ရွှေ့ကွက်တစ်ခုကို ထုတ်သုံးမယ်ဆိုတာရယ်ကို အီရန်ဘက်က ကြိုတင်ထုတ်ပြောထားပါတယ်။ အမေရိကန်တွေဘက်က အတော်ခေါင်းကိုက်ရမယ့်ကိစ္စ ဖြစ်လာပါလိမ့်မယ်။

နိုင်သလား ရှုံးသလား

     နိုင်သလား၊ ရှုံးသလား ဆိုတဲ့ကိစ္စရပ်မှာ ရည်ရွယ် ချက်ဘယ်လောက် ပေါက်မြောက်အောင်မြင်ခဲ့သလဲဆိုတာနဲ့ တိုင်းတာရပါလိမ့်မယ်။ အမေရိကန် ရည်မှန်း ချက် Mission မှာ –
– အီရန်အစိုးရ အပြောင်းအလဲ(ဒီနေ့အထိ ဖြစ်မလာသေးပါဘူး)
– ယူရေနီယံဖျက်ဆီးမှု (အမေရိကန်ဘက်က အောင်မြင်စွာဖျက်ဆီးနိုင်ခဲ့ပြီလို့မကြေညာနိုင်သေးပါ။)
– တရုတ်ကို စွမ်းအင်ဖြတ်တောက်မှု(တရုတ်ထက် ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်းစတဲ့ မဟာမိတ်တွေက ပိုထိခိုက်နေတာ တွေ့ရပြန်တယ်)
– အီရန်စစ်အင်အားလုံးဝဖျက်ဆီးပစ်ရေး(စစ်အင် အားထိခိုက်ပေမယ့်လည်း အမေရိကန်ထောက်လှမ်းရေး အစီရင်ခံစာအရ အီရန်မှာ မစ်ဇိုင်းနဲ့ ဒရုန်းတွေအင်အားကောင်းကောင်းနဲ့ကျန်ရှိနေသေးကြောင်းသိရတယ်)
….. ဆိုတော့ အမေရိကန်ရဲ့အဓိကရည်မှန်းချက်လေးခုလုံး အောင်မြင်သွားပြီလို့ မတွေ့လိုက်ရပါ။

အီရန်ရဲ့တုံ့ပြန်မှုရလဒ်

     အီရန်ဘက်က တုံ့ပြန်မှုရလဒ်ကိုလေ့လာရင် –
– အမေရိကန် မဟာမိတ်ပင်လယ်ကွေ့နိုင်ငံတွေကို စစ်ထဲ ဆွဲသွင်းနိုင်ခဲ့တယ်။
– အဲ့ဒီကတစ်ဆင့် အမေရိကန်စတော့တွေနဲ့အမေရိကန် စီးပွားရေးကို အထိနာအောင်လုပ်နိုင်ခဲ့တယ်။
– ပင်လယ်ကွေ့နိုင်ငံတွေကို အစာရေစာ ဖြတ်တောက်ပစ်နိုင်တယ်။
– အမေရိကန်ရဲ့ ပင်လယ်ကွေ့နိုင်ငံတွေအပေါ် စစ်ရေးအကာအကွယ် ပေးထားခြင်းကို ယုံကြည်မှုပျက်ပြားအောင်လုပ်နိုင်ခဲ့တယ်။
– ဟော်မုဒ်ကို အခွန်ကောက်ခံခွင့် ရေရှည်မှာရသွားနိုင်တယ်။
– အမေရိကန်-နေတိုး နှစ်ခြမ်းကွဲအောင် လုပ်နိုင်ခဲ့တယ်။

     ပင်လယ်ကွေ့နိုင်ငံတွေက အသံထွက်လာခဲ့ပါပြီ။ “အမေရိကန်ဟာ သူ့ကိုယ်သူတောင် ကာကွယ်နိုင်စွမ်းမရှိတဲ့အတွက် ဘယ်လိုများပင်လယ်ကွေ့နိုင်ငံတွေကိုကာကွယ်ပေးနိုင်ပါမလဲ၊ အမေရိကန်အပေါ် လုံခြုံရေးမှီခိုမှု ဇာတ်လမ်းရပ်ရမယ့်အချိန်ရောက်ပါပြီ” အဲဒီ အယူအဆက အမေရိကန်ကိုအတော်အထိနာစေတယ်။ ရေနံကငွေတွေနဲ့ အမေရိကန်စီးပွားရေးကို ကျားကန်ထားတာရော၊ Petrodollarနဲ့ ချည်နှောင်ထားတဲ့ ကမ္ဘာ့ကုန်သွယ်ရေးစနစ်ကြီး ရောဟာ အကြီး အကျယ်ခြိမ်းခြောက်ခံလိုက်ရတာဖြစ်ပါတယ်။

    နောက်တစ်ချက်က အမေရိကန်နဲ့ နေတိုးဆက်ဆံရေးပါ။ အမေရိကန် – အီးယူဆက်ဆံရေးလို့လဲ တစ်နည်း အားဖြင့် ပြောလို့ရပြန်တယ်။ အဲဒီဆက်ဆံရေးက ပိုပြီး ဝေးကွာသွားတဲ့အပြင် အမေရိကန်အပေါ် ယုံကြည်မှုပျောက်ဆုံးသွားလို့ ဗဟိုဘဏ်အရံကိုင်ဆောင်မှု၊ အမေရိကန်ဘွန်းများလက်ဝယ်ထားမှုစတော့များ စတာတွေကို လျှော့ချလိုက်တာ S 10 Trillion ပမာဏလောက်ရှိတယ်ဆိုတဲ့ သတင်းထွက်လာတယ်။တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ဆိုရင် စုစုပေါင်း $ 13 Trillion အထိရှိတယ်လို့ သိရတယ်။ အတော်များတဲ့ပမာဏပါ။ ဘာကိုပြလိုက်သလဲဆိုရင်အမေရိကန်ဟာ မဟာ မိတ်တွေရဲ့ ယုံကြည်မှုကိုစွန့်လွှတ်လိုက် ရတဲ့အပြင် တစ်ကမ္ဘာလုံးရဲ့ ယုံကြည်မှု ပျက်ပြားမှုကိုပါခံလိုက်ရတယ်ဆိုတဲ့ အဓိပ္ပာယ်ထွက်လာပါတော့တယ်။

     ကနေဒါကဆိုရင် “တစ်ဒေါ်လာတိုင်းမှာ ဆင့် ၇ဝ က အမေရိကန်ကို ပေးနေရတယ်။ အဲ့ဒါကို ရပ်တန့်ပြီး ကိုယ့်ကာကွယ်ရေးပဲ ကိုယ်လုပ်တော့မယ်”…ဆိုပြီးဖြစ်လာတဲ့အထိ ဆိုးဝါးသွားတာကိုလဲ တွေ့လိုက်ရတယ်။

ထပ်ဆင့်အန္တရာယ်

     အီရန်ပဋိပက္ခမှာ အမေရိကန်ရဲ့ ရည်ရွယ်ချက်တွေ မအောင်မြင်တာတွေ့လာတော့ တရုတ်ထိန်းချုပ်ရေးကို အာရှဘက်လှည့်လိုက်တာ တွေ့ရပါလိမ့်မယ်။ အမေရိကန်ကာကွယ်ရေးဝန်ကြီးက အင်ဒိုနီးရှားကိုသွားတယ်။ အင်ဒိုဝေဟင်ပိုင်နက်ကို အသုံးပြုခွင့်ရရေး ညှိနှိုင်းကြတာပါ။ ရက်ပိုင်းအတွင်းမှာပဲ အမေရိကန်ရေတပ်က အီရန် အလံတင်ရေနံတင်သင်္ဘောသုံးစီးကိုနောက်ကြောင်း ပြန်လှည့်ခိုင်းလိုက်တယ်။အိန္ဒိယ၊ မလေးရှားနဲ့ သီရိလင်္ကာအနားမှာ ဖြစ်နေတယ်။ အမေရိကန်ဟာ ဟော်မုဇ်ကို ပိတ်ဆို့ရုံ မဟုတ်တော့ပဲ အာရှဘက်အထိ နယ်မြေချဲ့ထွင်လာပြီး ပင်လယ်ဓားပြလုပ်လာတာတွေ့ရတယ်။

     ဟော်မုဒ်က ကမ္ဘာ့ရေနံရာခိုင်နှုန်း၂ဝ စီးဆင်းရာဖြစ်ပြီး၊ မလက္ကာက ၂၅ ရာခိုင်နှုန်း စီးဆင်းရာဖြစ်လို့ မလက္ကာသာ ပိတ်ဆို့ခံရမယ်ဆိုရင် ကမ္ဘာကြီးပြောင်း ဆန်သွားရဖို့ရှိလာလိမ့်မယ်။ မလက္ကာကို ပိတ်ရင်တရုတ်အထိပိုနာသွားနိုင်တယ်။ အခုလို ဖြစ်ပျက်နေချိန်မှာ အင်ဒိုနီးရှားက ဘာပြောလာသလဲဆိုရင်… သင်္ဘောတွေကို အခွန်ကောက်မယ်ဆိုတဲ့ အသံ ထွက်လာခဲ့တယ်။ စင်ကာပူက သဘောမတူကြောင်းချက်ချင်းကန့်ကွက်လိုက်တယ်။ မကြာခင်အတွင်းမှာပဲ မလေးရှားကလည်း သဘောမတူဘူးလို့ လူသိရှင် ကြားကြေညာလိုက်ပါတယ်။

     ဘယ်လိုပဲဖြစ်ဖြစ် မလက္ကာဘက် အန္တရာယ်ရှိလာပြီဆိုတဲ့အချက်ပေး ခေါင်းလောင်းသံခေါက်ခြင်းခံလိုက်ရတော့တာပါပဲ။

အမေရိကန် – တရုတ်ထိပ်တိုက်တွေ့နိုင်

     အီရန်ကိစ္စမှာ တရုတ်က အီရန်ကို နောက်ကွယ်က လက်နက်ထောက်ပံ့တယ်လို့ ပြောတယ်။ ဒါကတော့ မပြောလည်း သိနှင့်ပြီးသားကိစ္စပါ။ ယူကရိမ်းစစ်မှာ NATO တစ်ခုလုံးနဲ့ရုရှား စစ်တိုက်ရတယ်။ ရုရှားပြိုရင် နောက်ပစ်မှတ်က တရုတ်၊ ဒီတော့ ရုရှားကို တရုတ်၊ အီရန်၊ မြောက်ကိုရီးယားတို့က ဝင်ကူရပါတော့တယ်။ အီရန်နဲ့ အမေရိကန်စစ်ဖြစ်တော့လည်း ရုရှား၊ တရုတ်၊ မြောက်ကိုရီးယားတို့ကပြန်ကူကြရတယ်။ စုပေါင်းအားနဲ့ မခုခံကြရင် အမေရိကန် စစ်အင်အားကို ခံနိုင်ကြမှာမဟုတ်ပါ။

     အရှေ့အလယ်ပိုင်းက အကြီးစားဖြာထွက်လှိုင်းကြီးတစ်ခုက အာရှဘက်ရောက်လာရင် အမေရိကန်နဲ့ တရုတ်တို့ မဖြစ်မနေထိပ်တိုက်တွေ့ကြရပါလိမ့်မယ်။ အဲ့ဒီအခြေအနေရောက်ရင်တော့ မြောက်ကိုရီးယားက ပေါ်ပေါ်တင်တင် ရှေ့ထွက်လာနိုင်ပါတယ်။ နောက်ဆုံးတစ်ဆင့်ခံစစ်တိုက်ကြမလား၊ ဒါမှမဟုတ် ကာယကံ ရှင်တွေ ထိပ်တိုက်စစ်ရေးနဲ့ထိပ်တိုက်တွေ့ကြမလားဆိုတဲ့ အကြပ်အတည်းကိုဦးဆုံးစဉ်းစားကြရပါလိမ့်မယ်။

     အီရန်စစ်မှာ နေတိုးက စစ်ရှောင်သွားတာတွေ့ရတယ်။ တရုတ်နဲ့ အမေရိကန်ထိပ်တိုက်တွေ့ကြရင် နေတိုးက ပိုလို့တောင်စစ်ရှောင်ပါလိမ့်ဦးမယ်။ တရုတ်က တိန့်ရှောက်ဖိန်ရဲ့ စကားကြီးသုံးခွန်းထဲက နောက်ဆုံးစကားကို လိုက်နာလိမ့်မယ်လို့ ခန့်မှန်းရတယ်။ တိန့်ရှောက်ဖိန်က လူတိုင်းနားလည်လွယ်တဲ့စကား သုံးခွန်းပြောခဲ့တယ်။
– ငွေစုပါ
– အနောက်အုပ်စုကို တတ်နိုင်သမျှ ထိပ်တိုက်မတွေ့အောင် ရှောင်ပါ။
– အဓိက အကျိုးစီးပွားကိုထိ ခိုက်လာမယ်ဆိုရင်တော့ . . ဘယ်လောက်ပေးဆပ်ရ ပေးဆပ်ရ ရင်ဆိုင်လိုက်ပါတော့။

    တရုတ်က ငွေစုခဲ့ပြီးပြီ။ GDP Nominal အရ အမေရိကန်ကို မမှီသေးပေမယ့် PPP အရ အမေရိကန်ကို အများကြီး ကျော်လွန်သွားခဲ့ပါပြီ။ ဒုတိယ စကားတစ်ခွန်းအရလည်း တရုတ်က အမေရိကန်ကို ထိပ်တိုက်မတွေ့ပဲ ရှောင်ရှားလာတာ ဆယ်စုနှစ် ကျော်ခဲ့ပါပြီ။ ဒီအချိန်မှာ တရုတ်က စစ်တိုက်မယ်ဆိုရင်လည်း ငွေရှိလာခဲ့ပြီ။ လျှို့ဝှက်နည်း ပညာမြင့် လက်နက်တွေလည်း ပိုင်ဆိုင်ထားနေပါပြီ။ ဘဲလားရုစ်သမ္မတပြောတဲ့ စကားကို သတိထားသင့်တယ်။
– အီရန်စစ်မှာတောင် အနိုင်မရ နိုင်ရင် အမေရိကန်အနေနဲ့ တရုတ်ကို သွားမစမ်းသင့်ဘူး။

     တရုတ်ပါမောက္ခတစ်ဦးပြောတဲ့ စကားကိုလည်း လျစ်လျူမရှုသင့်
     “တရုတ်ဟာ လက်ဦးမှုယူပြီး ဘယ်တော့မှ စတိုက်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ရန်သူကိုလည်းဒုတိယအကြိမ်တိုက်ခွင့်ပေးမှာ မဟုတ်ပြန်ဘူး”

     ဘယ်လိုမစ်ဇိုင်းမျိုးလဲဆိုတာကို ထုတ်ဖော်မပြောသေးပေယ့် တရုတ်က သတိပေးလိုက်တာရှိခဲ့တယ်။      “တရုတ်ဟာ ကမ္ဘာ့ဘယ်နေရာကို မဆိုမိနစ်၂ဝ အတွင်းရောက်ရှိ ဖျက်ဆီးနိုင်တဲ့ လက်နက်ပိုင်ဆိုင်ထားပြီ”

မြောက်ကိုရီးယားကဏ္ဍ

     အမေရိကန် – တရုတ် မဖြစ်မနေ ထိပ်တိုက်တွေ့ကြရတော့မယ်ဆိုရင် မြောက်ကိုရီးယားကဏ္ဍက ရှေ့ရောက်လာပါလိမ့်မယ်။ မြောက်ကိုရီးယားဟာ အနုမြူပိုင်တဲ့နိုင်ငံပါ။ အဲဒီအပြင် မစ်ဇိုင်းနည်းပညာကို တစ်စိုက်မတ်မတ်ကြိုးကုတ်နေတဲ့ နိုင်ငံဖြစ်ပြီး၊ ဟိုက်ပါဆောနစ်မစ်ဇိုင်းကိုလည်းပိုင်ဆိုင်ထားတယ်။အမေရိကန်အထိရောက်တဲ့ မစ်ဇိုင်းတွေကိုလည်း အများအပြားပိုင်ဆိုင်နေပါပြီ။

     ကင်ဂျုံအန်ကိုထိပ်တိုက်တွေ့ရဲသူ မရှိသလောက်ရှားတယ်လို့ပြောရလိမ့်မယ်။ အနုမြူလဲပိုင်၊ ဟိုက်ပါဆောနစ် မစ်ဇိုင်းလည်းပိုင်၊ ရဲရဲဝံ့ဝံ့လုပ်ရဲတဲ့သတ္တိရှိထားလေတော့ ပိုမိုက်သူကိုပိုကြောက်တဲ့ သဘောဖြစ်လာတယ်။ လေကာစနစ်တွေ ဘယ်လောက်ကောင်းကောင်း ရာခိုင်နှုန်း ၉ဝ လောက်ကို ပဲပစ်ချနိုင်တယ်။ အနုမြူထိပ်ဖူး ၁ဝဝ လွှတ်လို့ ၉ဝ ကို ပစ်ချနိုင်ရင် ၁ဝ လုံးကို ကိုယ့်နိုင်ငံထဲ အကျခံနိုင်မလားဆိုတဲ့ မေးခွန်းကိုဦးဆုံးဖြေကြရပါတော့မယ်။

     အမေရိကန်ခေတ် နှစ် ၈၀ သမိုင်းတစ်လျှောက်ကို လေ့လာရင် အမေရိကန်ဟာ အချိုးမညီစစ်(တစ်ဖက် သတ် အသာစီးရတဲ့)နိုင်ငံတွေကိုသာ တိုက်ခဲ့ပြီး အနုမြူပိုင်နိုင်ငံ တစ်ခုတလေကိုမှ ထိပ်တိုက်မတွေ့ခဲ့ပါ(ယူကရိမ်းစစ်မှာတောင် ဘေးတိုက်ပဲနေခဲ့တယ်) တရုတ်နဲ့ထိပ်တိုက်တွေ့ကြရင် အနုမြူရော၊ ဟိုက်ပါဆောနစ်ရောပိုင်တဲ့ တရုတ် + မြောက်ကိုရီးယားနဲ့ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးဖြစ်ဖို့ Least Possibility အနည်းဆုံးလို့ပဲ ခန့်မှန်းရတယ်။ အမေရိကန်ရဲ့ဗျူဟာကို အားလုံးက သိနှင့်နေကြပါပြီ။ နိုင်ရင်ဖိထောင်း၊ တစ်ဖက်က ပိုမိုက်နေရင်ကိုယ်ကရှောင်ဆိုတဲ့ဗျူဟာပါ။ သူ့နိုင်ငံအပေါ်မှာ အနုမြူဗုံးတစ်လုံးမှ အကျခံရဲသူမဟုတ်ပါ။ တင်စားရရင် အမေရိကန်ဟာ ဗိုလ်တထောင်ငမိုးလိုလူမျိုးပါ။သူ့ထက်ပိုမိုက်တဲ့ လမ်းမတော်ဖိုးတုတ် ဓားဆွဲပြီး အိမ်ရှေ့ရောက်လာတဲ့အခါမှာ အပြုံးနဲ့ကြိုပြီးနှစ်သိမ့် ပြလိုက်တဲ့ ဗိုလ်တထောင်ငမိုးလိုပါပဲ။

ပရောက်စီခံကြမလား

     ကြားခံစစ်နယ်မြေ (Proxy Ground)နဲ့သွယ်ဝိုက်ထိပ်တိုက်တွေ့ကြ ဖို့နည်းလမ်းကအဖြစ်နိုင်ဆုံးပါ ။

     ဒါဖြင့်ဘယ်မှာတွေ့ကြမလဲဆိုတဲ့ မေးခွန်းက ကပ်ပါလာရပါတော့မယ်။ မလက္ကာကို ရှောင်ပြီး တရုတ်ရဲ့လိုအပ်တဲ့ စွမ်းအင်ကို မြန်မာမြေပေါ်က ဖြတ်သန်းရမှာမို့ မြန်မာဟာ အနာဂတ် အမေရိကန်-တရုတ်ထိပ်တိုက်တွေ့နိုင်စရာဖြစ်လာနိုင်သွားပါပြီ။ မကြာခင် အမေရိကန်နိုင်ငံခြားရေး ဒုဝန်ကြီးမြန်မာကို လာပါမယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး လာခဲ့တယ်။

     KNU ဘက်ကတိုက်ပွဲတွေပြန်စနေတယ်။ AA ဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်။ ဒါတွေက ရှေ့ပြေးလက္ခဏာတွေပါ။ ထိုင်းဘက်မှာ CIA, FBI တွေ ခြေချင်းလိမ်နေတယ်။ အမေရိကန်ရဲ့ Strike force တွေရှိနေတယ်။ ကျားဖြန့်ပြဿနာက မပြီးသေးပါဘူး။ အချိန်တန်ရင်ခေါင်းစဉ်တပ်ဖို့မွေးထားတာသိသာလွန်းနေပါတယ်။

     သူတို့ အစီအစဉ်အကောင်းဆုံးရေးဆွဲထားကြပြီး လုံလောက်တဲ့ အင်အားတွေ စုဖွဲ့ထားကြပြီလို့ ယူဆရ ပါတယ်။ အချိန်တန်ဝီစီမှုတ်တာနဲ့မီးတောက်တစ်ခုပေါက်ကွဲထွက်လာသလို ဖြစ်လာနိုင်ပါတယ်။ဒီအခြေအနေဟာ မလက္ကာအကြပ်အတည်းနဲ့ မရှေးမနှောင်းဖြစ်လာနိုင်ဖွယ်ရာရှိတယ်လို့ မှန်းဆရတယ်။

     အီရန်စစ်ရဲ့ လှိုင်းဖြာသက်ရောက်မှုအဆုံးဟာ မြန်မာ့မြေပေါ်မှာမဖြစ်ပါစေနဲ့လို့ ဆုတောင်းမိရုံမှတစ်ပါး…။

#USIranWar ##MiddleEastConflict #Rippling Effect# US-ChinacCnfrontation #North lKoreaSector #ProxyGround  #MyanarGround #InternationalArticle #PositiveAngleNews

Telegram»…
https://t.me/positiveanglenews

#PAN