“ပြည်သူ့ကုန်ကျစရိတ်လျော့ချရေး ဦးစားပေးရန် ကျန်းမာရေးဝန်ကြီးက လမ်းညွှန်”

(ကျန်းမာရေး) မေ ၃

ပြည်သူများအတွက် လက်လှမ်းမီပြီး အရည်အသွေးမြင့် ကျန်းမာရေးဝန်ဆောင်မှုများ ရရှိစေရန် ရည်ရွယ်၍ ဆေးရုံဝန်ဆောင်မှုလုပ်ငန်းများကို အဆင့်မြှင့်တင်ဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းက တာဝန်ရှိသူများအား အထူးအလေးထားညွှန်ကြားခဲ့သည်။

ယင်းနောက် ရန်ကုန်ပြည်သူ့ဆေးရုံကြီး တွင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် သူနာပြုကြီးများအား တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက လူနာများစောင့်ဆိုင်းရမှုအချိန်ကို လျော့နည်းစေရေး၊ ကုသမှုလုပ်ငန်းစဉ်များကို ပိုမိုစနစ်တကျဖြစ်စေရေးနှင့် ပြည်သူများအတွက် ကုန်ကျစရိတ်အတတ်နိုင်ဆုံး လျော့နည်းစေရေးတို့ကို အလေးထားဆောင်ရွက်ရန် ညွှန်ကြားခဲ့သည်။

ထို့အပြင် ကျန်းမာရေးဝန်ထမ်းများအနေဖြင့် လူနာများနှင့် နွေးထွေးရင်းနှီးစွာ ဆက်ဆံပြီး စေတနာထားကုသပေးရေး၊ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများကို တိကျစွာလိုက်နာ၍ တာဝန်ထမ်းဆောင်ရေးတို့ကိုလည်း ထည့်သွင်းမှာကြားခဲ့သည်။ သေဆုံးသူလူနာများထားရှိရာ Mortuary အဆောက်အအုံသစ်ကိုလည်း သတ်မှတ်ကာလအတွင်း အပြီးသတ်နိုင်ရန် အရှိန်မြှင့်ဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။

ညနေပိုင်းတွင် လှိုင်သာယာပြည်သူ့ဆေးရုံကြီး သို့ ကွင်းဆင်းစစ်ဆေးရာတွင် လူနာများ သက်သောင့်သက်သာဖြင့် ကုသမှုခံယူနိုင်ရေး၊ ဆေးဝါးများကို စနစ်တကျသိုလှောင်ထားရှိရေးနှင့် ဆေးရုံပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးတို့ကို အလေးထားဆောင်ရွက်ရန် ညွှန်ကြားခဲ့သည်။

ထို့နောက် ယမန်နေ့ညပိုင်းတွင် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီး သို့ သွားရောက်စစ်ဆေးခဲ့ပြီး အရေးပေါ်ကုသမှုဌာနများ၊ ရောဂါပြင်းထန်မှုအလိုက် ဦးစားပေးကုသမှုလုပ်ငန်းစဉ်များနှင့် ဆေးဝါးအသုံးပြုမှုအခြေအနေများကို လေ့လာကြည့်ရှုခဲ့သည်။ ထိုစစ်ဆေးမှုအတွင်း တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထို့အပြင် မေလ ၂ ရက်နေ့တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အတွင်း ပြန်လည်အဆင့်မြှင့်တင်ထားသော အထူးကြပ်မတ်ကုသဌာန (ICU) နှင့် အရိုးနှင့်ထိခိုက်ဒဏ်ရာကုသဌာနတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လူနာများနှင့် လူနာစောင့်များအား ရင်းနှီးစွာ တွေ့ဆုံအားပေးခဲ့သည်။ ထို့အပြင် ICU ဝန်ဆောင်မှုများ ထပ်မံတိုးချဲ့နိုင်ရေးအတွက်လည်း ဆက်လက်ဆောင်ရွက်ရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။

#‌PAN