(ပြည်တွင်း) မေ ၁
ရှမ်းပြည်နယ် ကလောခရိုင် ကလောမြို့နယ် အောင်ပန်းမြို့ရှိ သီရိမင်္လာအောင်ချမ်းသာ (၁၀၈ တောင်) စေတီတော်မြတ်ကြီး၌ စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော် တင်လှူပူဇော်ပွဲ အခမ်းအနားကို ၂၀၂၆ ခုနှစ် ဧပြီလ ၃၀ ရက်နေ့ နံနက် ၇ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဇနီး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ အလှူရှင် ရွှေသံလွင်ကုမ္ပဏီမှ မိသားစုများနှင့် ဘုရားဖူးပြည်သူအများအပြား တက်ရောက်ခဲ့ကြသည်။

အခမ်းအနား ပထမပိုင်းတွင် ပင့်သံဃာတော်များနှင့် ဧည့်ပရိတ်သတ်များက နမောတဿဖြင့် အခမ်းအနားဖွင့်လှစ်ကာ အဆိုတော် အိန္ဒြာဖြိုးဦးမှ သီချင်းဖြင့် ပူဇော်ခဲ့ပြီး ဆရာတော်များထံမှ ကိုးပါးသီလခံယူခြင်း၊ ပရိတ်တရားတော်များ ရွတ်ဖတ်ခြင်းတို့ကို ပြုလုပ်ခဲ့သည်။ ထို့နောက် စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်များကို သံဃာတော်များထံ ဆက်ကပ်လှူဒါန်းကာ အနုမောဒနာတရား နာယူပြီး ရေစက်သွန်းချ အမျှဝေခဲ့ကြသည်။ဒုတိယပိုင်းတွင် စေတီတော်ရင်ပြင်ပေါ်မှ စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်များကို လက်ယာရစ် လှည့်လည်ပူဇော်ပြီးနောက် ရထားပျံဖြင့် သယ်ဆောင်ကာ စေတီတော်အပေါ်သို့ တင်လှူပူဇော်ခဲ့သည်။တတိယပိုင်းတွင် ပင့်သံဃာတော် (၁၀၈)ပါးမှ ဗုဒ္ဓရုပ်ပွားတော်များအား ဗုဒ္ဓဘိသေက အနေကဇာတင်ပူဇော်ခဲ့ပြီး “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” (၃)ကြိမ် ရွတ်ဆိုကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ထို့နောက် ပင့်သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့သည်။စတုတ္ထပိုင်းတွင် ပင့်သံဃာတော် (၁၀၈)ပါးအား ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ အလှူရှင် ရွှေသံလွင်ကုမ္ပဏီမှ နဝကမ္မဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
#PAN