(နိုင်ငံတကာ) ဧပြီ ၃၀

ကိုရီးယားနိုင်ငံ၌ အလုပ်လုပ်နေသည့် မြန်မာနိုင်ငံသားတစ်ဦး လုပ်ငန်းခွင်ထိခိုက်မှုကြောင့် သေဆုံးခဲ့သဖြင့် ၎င်း၏ဇနီးဖြစ်သူအား ရသင့်ရထိုက်သည့် နစ်နာကြေးများ ရရှိနိုင်ရေး ဆိုးလ်မြို့ရှိ မြန်မာသံရုံးက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကိုရီးယားသမ္မတနိုင်ငံ ဂယောင်းဂီပြည်နယ် ဟွာဆောင်းမြို့ရှိ သံမဏိ ပုံသွင်းစက်ရုံတစ်ရုံ၌ တရားဝင်အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာနိုင်ငံသား မောင်စန်းယုသည် မတ် ၂၄ ရက်တွင် လုပ်ငန်းခွင်အတွင်း အလုပ်လုပ်ကိုင်နေစဉ် ထိခိုက်မှုဖြစ်ပွားခဲ့ပြီး ဆေးရုံတက်ရောက်ကုသစဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ ကျန်ရစ်သူမိသားစုအား ကိုရီးယားနိုင်ငံသို့ အချိန်မှီလာရောက်ပြီး ဈာပနကျင်းပနိုင်ရေးအတွက် ဗီဇာရရှိရေးနှင့် ရသင့်ရထိုက်သည့်အခွင့်အရေးများ အပြည့်အဝရရှိစေရန်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျန်ရစ်သူမိသားစု ကိုရီးယားနိုင်ငံ၌ နေထိုင်စဉ်ကာလအတွင်း သွားလာနေထိုင်ရေးကိစ္စများ အဆင်ပြေစေရေး၊ ယာယီဘဏ်အကောင့် ဖွင့်လှစ်နိုင်ရေး၊ လိုအပ်သည့် စာရွက်စာတမ်းကိစ္စရပ်များ ပံ့ပိုးကူညီခြင်းနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများထံမှ ရသင့်ရထိုက်သည်များရရှိရန် ညှိနှိုင်းခြင်းတို့ကို မြန်မာသံရုံးဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိက လိုက်ပါဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးမှုများကြောင့် ကွယ်လွန်သူမောင်စန်းယု၏ဇနီးမှာ လုပ်သက်ဆုကြေးများ၊ လုပ်ခလစာကျန်ငွေများ၊ အချိန်ပိုကြေးနှင့် ခွင့်ဆုကြေးများ၊ လုပ်ငန်းခွင်ထိခိုက်မှုအာမခံငွေများ၊ အသုဘစရိတ် ထောက်ပံ့ငွေများ၊ အလုပ်ရှင်မှပေးအပ်သည့် နစ်နာကြေးများ စသည့် ခံစားပိုင်ခွင့်ရှိသည်တို့ကို ပြည့်ပြည့်ဝဝတိုက်ရိုက်ရရှိခဲ့သည့်အပြင် ရှေ့နေခကိုလည်း အနည်းဆုံးနှုန်းထားဖြင့်ရရှိအောင် ညှိနှိုင်းပေးနိုင်ခဲ့ကြောင်း၊ မြန်မာသံရုံး ဆိုးလ်မြို့က ကိုရီးယားသမ္မတနိုင်ငံ၌ ရောက်ရှိနေသည့် တရားဝင်လာရောက်လုပ်ကိုင်နေသူများအပါအဝင် မြန်မာနိုင်ငံသားများ၏ အကျိုးစီးပွားများအား နှစ်နိုင်ငံ တည်ဆဲဥပဒေများနှင့်အညီ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။