သန်လျင်မြို့နယ် သီဟဒီပအားကစားကွင်းသို့ ပြည်ထောင်စုဝန်ကြီး လာရောက်ကြည့်ရှုစစ်ဆေး

(ပြည်တွင်း) ဧပြီ ၂၈

သန်လျင်မြို့နယ်၊ ပဲခူးစုရပ်ကွက် ကျိုက်ခေါက်ဘုရားလမ်းရှိ သီဟဒီပအားကစားကွင်းသို့ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက် ၉ နာရီခွဲအချိန်တွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အတူ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းအုပ်ကြီး ဦးထွန်းထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန တိုင်းဦးစီးမှူး ဦးကျော်မင်းသန်းတို့ ပါဝင်ခဲ့ကြသည်။

ထိုသို့ သွားရောက်ရာတွင် သန်လျင်ခရိုင်နှင့် မြို့နယ်အဆင့် တာဝန်ရှိသူများနှင့် တွေ့ဆုံကာ သီဟဒီပအားကစားကွင်းအတွင်းရှိ ဘောလုံးကွင်း၊ ရေကူးကန်၊ (က) အဆင့် အားကစားရုံ၊ (ခ) အဆင့် ကြက်တောင်အားကစားရုံနှင့် ဖူဆယ်ဘောလုံးအားကစားရုံတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှ အားကစားရုံများ၏ လက်ရှိအခြေအနေများနှင့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။