တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၇၀ကျော် ထိုင်းတွင် ဖမ်းဆီးခံရ

(နိုင်ငံတကာ) ဧပြီ ၂၄

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နှင့် ဖယောင်း ခရိုင်အတွင်းတွင် အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းလုပ်သား၇၀ ကျော် ဖမ်းဆီးခံရကြောင်း သိရသည်။

မဲဆောက်မြို့၊ မယ်တော်တိုက်နယ်စပ် ရပ်ကွက် ၂ရှိ စက်ရုံကြီးအနောက်ဘက်တွင် တရားမဝင် အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၀ ဦးခန့် ဖမ်းဆီးခံရကြောင်း သိရသည်။

ယနေ့ နံနက် ၆နာရီအချိန်ခန့်က မယ်တော်တိုက်နယ်စပ် ရပ်ကွက် ၂ရှိ စက်ရုံကြီးအနောက်ဘက်အား ထိုင်းလုံခြုံရေးအဖွဲ့ သည် ဌာနဆိုင်ရာများနှင့်အတူ ဝင်ရောက်စစ်ဆေးခဲ့ရာရာ မြန်မာရွှေ့ပြောင်းအလုပ်သမား ၉၀ ဦးခန့်တွေ့ရှိခဲ့ပြီး ၎င်းတို့အားစစ်ဆေးရာ အထောက်အထား လက်မှတ်မရှိသည့် တရားမဝင် အလုပ်သမား ၁၀ ဦးခန့်အား တွေ့ရှိရသဖြင့် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

အလားတူ ဧပြီလ ၂၃ ရက် ညနေ ၃ နာရီအချိန်ခန့်တွင်
ထိုင်းနိုင်ငံမြောက်ပိုင်း၊ ဖယောင်း (Phayao) ခရိုင်ရှိ ငှားရမ်းထားသော အိမ်တစ်လုံးအတွင်း အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၆၃ ဦးကို ဖမ်းဆိရမိကြောင်း ထိုင်း သတင်းဌာနတခုတွင် ဖော်ပြထားသည်။

၎င်းသတင်းဌာန၏ ဖော်ပြချက်တွင် ဒေသခံရဲတပ်ဖွဲ့၏ စစ်ဆေးဖော်ထုတ်ချက်များအရ လူကုန်ကူးမှုကွင်းဆက်တစ်ခု ရှိနိုင်သည်ဟူသော သံသယဖြင့် ဖယောင်းခရိုင်၊ မဲ့တန်း (Mae Tam) ကျေးရွာအုပ်စုအတွင်း အဆိုပါအိမ်ကို ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စီးနင်းမှုတွင် မောင်းဖယောင်းခရိုင် အုပ်ချုပ်ရေးမှူး ဆုမ်ချိုင်း (Somchai Wongjiriyakasem) က အမိန့်ပေးခဲ့ခြင်းဖြစ်ပြီး ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ယင်းစစ်ဆေးမှုတွင် အဓမ္မခိုင်းစေမှု၊ လူကုန်ကူးမှုနှင့် ဆက်နွှယ်မှုများ ရှိ၊ မရှိ အဓိက စစ်ဆေးခဲ့ကြကြောင်း သိရသည်။ ဖမ်းဆီးခံရသူများတွင် ပအိုဝ်း၊ သျှမ်းနှင့် ကရင် အပါအဝင် အမျိုးသား ၃၃ ဦးနှင့် အမျိုးသမီး ၃၀ ဦး၊ စုစုပေါင်း ၆၃ ဦး ဖြစ်ကြောင်း ၎င်းတို့အထဲတွင် အသက် ၁၈ နှစ်အောက် ကလေးငယ် ၃ ဦးလည်း ပါဝင်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဖမ်းဆီးမိသူများအား ထိုင်းတရားဥပဒေအရ အရေးယူဆောင်ရွက်ပြီး မြန်မာနိုင်ငံဘက်သို့ ပြည်နှင်ဒဏ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။