Football for School Program များကို ရက် ၁၀၀ စီမံချက်အတွင်အကောင်အထည်ဖော်မည်

(ပြည်တွင်း) ဧပြီ ၂၃

နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များအား ထပ်ဆင့်ရှင်းလင်းခြင်းနှင့် အားကစားရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးနှင့်အထက် အရာထမ်းများအား တွေ့ဆုံခြင်းအခမ်းအနားကို ဧပြီ ၂၁ ရက်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အားကစားရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းက နိုင်ငံတော်၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများကို အခြေခံအဆင့်မှစ၍ မြှင့်တင်သွားရန် လိုအပ်ကြောင်း ပြောကြားခဲ့ပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရာတွင် အသိပညာ၊ အတတ်ပညာနှင့် ကျန်းမာကြံ့ခိုင်မှု ပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ်များ အထူးအရေးကြီးကြောင်း အလေးထားပြောကြားခဲ့သည်။

အားကစားကဏ္ဍ မြင့်မားတိုးတက်လာစေရေးအတွက် လူငယ်များ၏ ကိုယ်လက်ကြံ့ခိုင်မှုကို ပညာသင်ကြားသည့်အရွယ်မှစ၍ စနစ်တကျ မြှင့်တင်ပေးရန်လိုအပ်ကြောင်း၊ ကျောင်းများတွင် ကိုယ်လက်လှုပ်ရှားမှုနှင့် အားကစားလေ့ကျင့်ခန်းများ ဆောင်ရွက်နိုင်ရန် လုံလောက်သည့် နေရာများ ဖန်တီးပေးရမည်ဖြစ်သကဲ့သို့ အာဟာရပြည့်ဝသော အစားအသောက်များ စားသုံးနိုင်ရေးကိုလည်း ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထို့ပြင် Smart School နှင့် Football for School Program များကို အားကစားရေးရာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကာ ရက်ပေါင်း ၁၀၀ စီမံချက်အဖြစ် ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ ပဲခူးတိုင်းဒေသကြီးများနှင့် ရှမ်းပြည်နယ်ရှိ ကျောင်းများတွင် Pilot Project အနေဖြင့် စတင်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။ဒုတိယဝန်ကြီး ဦးညီညီကလည်း အားကစားကဏ္ဍ အဆင့်အတန်းမြင့်မားလာစေရန်နှင့် နိုင်ငံတော်၏ ဂုဏ်သိက္ခာကို မြှင့်တင်နိုင်ရန်အတွက် မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအထိ ကွင်းဆင်း၍ မျိုးဆက်သစ်အားကစားသမားများကို ရှာဖွေဖော်ထုတ်မွေးထုတ်ပေးနိုင်ရေး ပေါင်းစပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို တင်ပြခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက မြန်မာ့အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် ရက်ပေါင်း ၁၀၀ စီမံချက်အတွင်း လက်ရှိဆောင်ရွက်နေသည့် အစီအစဉ်များနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများကို စနစ်တကျရေးဆွဲကာ ပူးပေါင်းအကောင်အထည်ဖော်ကြရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။

#PAN