ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား U-25 ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲ တောင်ကြီးတွင် ကျင်းပ

(ပြည်တွင်း) ဧပြီ ၂၂

၂၀၂၆ ခုနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ပြည်နယ်ဝန်ကြီးချုပ်ဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများနှင့် ခရိုင်များအလိုက် အသက် (၂၅) နှစ်အောက် ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဧပြီ ၂၂ ရက် ညနေ ၃ နာရီတွင် တောင်ကြီးမြို့ရှိ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးနှင့်အတူ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံ‌ကျော်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းသားများနှင့် ဧည့်ပရိသတ် စုစုပေါင်း ၃၀၀ ခန့် တက်ရောက်ခဲ့ကြသည်။

ဖွင့်ပွဲတွင် ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက ယခုလိုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများနှင့်ခရိုင်များအလိုက်အသက်(၂၅)နှစ်အောက်ဘော်လီဘောပြိုင်ပွဲကိုရှမ်းပြည်နယ်အတွင်းမှာဘော်လီဘောအားကစားအဆင့်အတန်းတိုးတက်မြင့်မားရေး၊အားကစားသမားအချင်းချင်းချစ်ခင်စည်းလုံးမှုရရှိကာလူငယ်မျိုးဆက်သစ်အားကစားသမားများပေါ်ထွက်နိုင်ရေး၊ကျန်းမာကြံ့ခိုင်သောအမျိုးသား၊အမျိုးသမီးများအဖြစ်ရှမ်းပြည်နယ်၏အားကစားကဏ္ဍတိုးတက်မြင့်စေပြီးမျိုးဆက်သစ်နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများပေါ်ထွက်စေရေးဆိုသည့်ရည်ရွယ်ချက်များနှင့်ကျင်းပပေးခြင်းဖြစ်ကြောင်းပြောကြားသည်။

ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဌာန် ရွတ်ဆိုကြပြီး တာဝန်ရှိသူများက ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်ခဲ့ကြသည်။ ထို့ပြင် ဝန်ကြီးချုပ်မှ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း ဘင်ခရာတပ်ဖွဲ့အား ဂုဏ်ပြုဆု ချီးမြှင့်ခဲ့ပြီး ဖွင့်ပွဲနေ့တွင် အမျိုးသားပွဲစဉ်အဖြစ် တောင်ကြီးခရိုင်အသင်းနှင့် ကလောခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။

ယခု ပြိုင်ပွဲတွင် အမျိုးသားအသင်း ၇ သင်းနှင့် အမျိုးသမီးအသင်း ၉ သင်း ပါဝင်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲကို ဧပြီ ၂၂ ရက်မှ ၂၆ ရက်အထိ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

#PAN