အွန်လိုင်းလိမ်လည်မှုနှင့် ဆက်စပ်ပါဝင်သူ ပြည်ပနိုင်ငံသားများကို ဆက်လက်ဖော်ထုတ်အရေးယူ

(နေပြည်တော်) ဧပြီ ၂၂

အွန်လိုင်းလိမ်လည်မှု (Telecom Fraud) လုပ်ငန်းများနှင့် ဆက်စပ်ပါဝင်ခဲ့သည့် ရုရှားနိုင်ငံသားတစ်ဦးကို ထပ်မံဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ပြီး ပြည်နှင်နိုင်ရေးအတွက် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများ၌ တရားမဝင် ဝင်ရောက်နေထိုင်ကာ အွန်လိုင်းလောင်းကစားမှု၊ အွန်လိုင်းလိမ်လည်မှုများအပါအဝင် ဒုစရိုက်လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသည့် ပြည်ပနိုင်ငံသားများကို စုံစမ်းဖော်ထုတ်ကာ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ သက်ဆိုင်ရာနိုင်ငံများသို့ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်နေစဉ်တွင် ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံများမှတစ်ဆင့် တရားမဝင်လမ်းကြောင်းများဖြင့် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ နယ်စပ်ဆိုဒ်များ၌ နေထိုင်ခဲ့သည့် ရုရှားနိုင်ငံသားတစ်ဦးကို ထပ်မံဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ပြည်ပနိုင်ငံသား ၅ ဦးအား ဥပဒေအရ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပြီး တရုတ်နိုင်ငံသား ၂ ဦးကို ပြည်ဝင်ခွင့်ဗီဇာစည်းကမ်း ဖောက်ဖျက်မှုဖြင့် ၂၀၂၆ ခုနှစ် ဧပြီ ၁၂ ရက်တွင်လည်းကောင်း၊ တရုတ်နိုင်ငံသား ၂ ဦးကို တရားမဝင် ဝင်ရောက်မှုဖြင့် ဧပြီ ၁၅ ရက်တွင်လည်းကောင်း၊ တရုတ်(ထိုင်ဝမ်)နိုင်ငံသား ၁ ဦးကို မူးယစ်ဆေးဝါးနှင့် ဆက်စပ်မှုဖြင့် ဧပြီ ၁၅ ရက်တွင်လည်းကောင်း ဥပဒေအရ တရားစွဲဆိုနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက်မှ ၂၀၂၆ ခုနှစ် ဧပြီ ၂၁ ရက်အထိ မြဝတီမြို့နယ်အတွင်း တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၁၄,၆၂၆ ဦးကို ထိန်းသိမ်းနိုင်ခဲ့ပြီး ထိုအနက် ၁၃,၄၀၅ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ပြည်နှင်လွှဲပြောင်းရန် ကျန်ရှိနေသည့် ပြည်ပနိုင်ငံသား ၁,၂၂၁ ဦးအနက် ၇၄၆ ဦးကို သက်ဆိုင်ရာ ဥပဒေများအရ အပြစ်ပေးအရေးယူထားပြီး ကျန်ရှိသည့် ၄၇၅ ဦးကိုလည်း သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် ပြင်ဆင်ထားကြောင်းနှင့် ထိုသူများအား လိုအပ်သလို ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း သိရသည်။

နိုင်ငံတော်အနေဖြင့် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများနှင့် ဆက်စပ်သူများအပြင် နောက်ကွယ်မှ ကြိုးကိုင်သူများကိုပါ ဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် လူကုန်ကူးခံရသူများအပါအဝင် ဒုက္ခရောက်နေသည့် ပြည်ပနိုင်ငံသားများကိုလည်း သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြန်လည်လွှဲပြောင်းပေးနိုင်ရေး ဆက်လက်ညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

#PAN