


(ပြည်တွင်း) ဧပြီ ၂၁
တာချီလိတ်မြို့နယ်၌ သဘာဝဘေးအန္တရာယ်ဖြစ်သည့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်ကာကွယ်တားဆီးနိုင်ရန် ရည်ရွယ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို ဧပြီ ၂၁ ရက် နံနက် ၉ နာရီတွင် မကာဟိုခမ်းရပ်ကွက် အောင်မြတ်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးတွင် ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ငြိမ်းအောင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာမျိုးတို့က အဖွင့်အမှာစကားများ ပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် တာချီလိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီ အမှုဆောင်အရာရှိ ဦးကျော်မျိုးထွန်း၊ ရေအရင်းအမြစ်ဦးစီးဌာနမှ ဦးနိုင်လင်းစိုး၊ ဆည်မြောင်းဦးစီးဌာနမှ ဦးဟန်ထွန်းနှင့် သတ္တုတွင်းမန်နေဂျာတို့က လက်ရှိဆောင်ရွက်နေသည့် ရေကြီးရေလျှံမှုကာကွယ်ရေးလုပ်ငန်းများကို ရွေးကောက်ခံကိုယ်စားလှယ်များနှင့် တက်ရောက်လာသည့် ဒေသခံပြည်သူများအား အသေးစိတ်ရှင်းလင်းတင်ပြခဲ့ကြသည်။


အစည်းအဝေးတွင် ကိုရဲဝင်းဖြိုး (မကာဟိုခမ်းရပ်ကွက်)၊ စိန်အောင်မင်း(တာလော့ရပ်ကွက်)၊ ဝိန်းကျောက်ရပ်ကွက်ရာအိမ်မှူး၊ လီဆူး စာပေနှင့်ယဉ်ကျေးမှုအသင်းမှ အတွင်းရေးမှူး၊ UBLကုမ္ပဏီမန်နေဂျာ၊ ပုန်းထွန်ရပ်ကွက်အုပ်ချုပ်ရေး မှူး ဦးမျိုးမြင့်၊ တာလော့ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ဆေခမ်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းဝန်းတစ်၊ မကာဟိုခမ်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်သန်းဦး၊ ရွှေရှမ်းဌာနေသတင်းဌာနမှ ဦးလှမျိုးလွင်၊ CMJ သတင်းဌာနမှ ဦးထွန်းလင်း၊ မယ်ခေါင်ရပ်ကွက်မှ ဦးရဲဝင်း၊ ဆန်ဆိုင်း(က)ရပ်ကွက်မှ ဦးစိုင်းတင်ထွန်းဦး၊ ခရိုင်ကြက်ခြေနီမှ ဦးဘမိုးမြင့်၊ ဦးဝင်းညွှန့်ဦး(ပြည်သူ)၊ လွယ်တော်ခမ်းကျေးရွာ အုပ်စုနေ ဒေါ်ချယ်ရီဖြိုး၊ မြို့နယ်သဘာဝဘေးအန္တရာယ်ကာကွယ်တားဆီးရေးဦးစီးဌာနမှ အရာရှိ၊ တာချီလိတ်ပြည်ခိုင်ဖြိုးမှ ခရိုင်ပါတီဥက္ကဌ ဦးဘိုစံ၊ ခရိုင်ပါတီကော်မတီဝင် ဦးဝင်းစိုးတို့မှ အသီးသီးတင်ပြဆွေးနွေးခဲ့ကြပြီး ရေကြီးရေလျှံမှုကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများနှင့်ပတ်သက်၍ အကြံပြုချက်များနှင့် တင်ပြဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။
ထို့ပြင် ခရိုင်ဥပဒေအရာရှိ ဦးသန်းထွန်းအောင်က သက်ဆိုင်ရာဥပဒေများနှင့် ပတ်သက်သည့် သိသင့်သိထိုက်မှုများကိုလည်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးသို့ တာချီလိတ်မြို့၊ ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ငြိမ်းအောင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းအွန်ခမ်းနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများနှင့် ပါတီတာဝန်ရှိသူများအပါအဝင် စုစုပေါင်း ၂၀၀ ကျော် တက်ရောက်ခဲ့ကြပြီး နေ့လည် ၁၁ နာရီ ၁၅ မိနစ်တွင် အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
ထို့အပြင် တာချီလိတ်မြို့နယ် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များသည် ဧပြီ ၂၀ ရက်နေ့တွင် မယ်ဆိုင်ချောင်းအတွင်း ရေကြီးရေလျှံမှုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကိုလည်း သက်ဆိုင်ရာဌာနများနှင့်အတူ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။