
(နိုင်ငံတကာ) ဧပြီ ၂၀
ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်မာနက်နှင့် ကနေဒါသံအမတ် ခရစ်ရှန် ဒက်စ်ရိုရှ် (Christian DesRoches) တို့သည် ဖနွမ်ပင်မြို့ရှိ Peace Palace တွင် တွေ့ဆုံကာ နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ကုန်သွယ်ရေး ဆက်ဆံမှုများ ပိုမိုအားကောင်းလာစေရန် ဆွေးနွေးခဲ့ကြသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စများ၊ လာမည့် နိုဝင်ဘာလတွင် ဖနွမ်ပင်မြို့၌ ကျင်းပမည့် ၂၀ ကြိမ်မြောက် Francophonie ထိပ်သီးအစည်းအဝေးအတွက် ပြင်ဆင်မှုများကို အဓိကထား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သံအမတ် ဒက်စ်ရိုရှ်က ကမ္ဘောဒီးယားနှင့် ကနေဒါအကြား ရေရှည်တည်တံ့သော သံတမန်ဆက်ဆံရေးအပေါ် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ကနေဒါရင်းနှီးမြှုပ်နှံမှုများ တဖြည်းဖြည်း တိုးတက်နေကြောင်း ထောက်ပြခဲ့သည်။
ထို့ပြင် ကနေဒါအနေဖြင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်ချဲ့ထွင်သွားမည်ဖြစ်ပြီး ကမ္ဘောဒီးယားအစိုးရ၏ ဖွံ့ဖြိုးရေးရည်မှန်းချက်များကိုလည်း ထောက်ခံသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
သူသည် Francophonie ထိပ်သီးအစည်းအဝေးကို အောင်မြင်စွာ ကျင်းပနိုင်ရန် ကနေဒါနိုင်ငံအနေဖြင့် အထောက်အပံ့ပေးမည်ဖြစ်ပြီး အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကိုလည်း စေလွှတ်မည်ဟု အတည်ပြုခဲ့သည်။
ထို့အပြင် ASEAN–Canada ကုန်သွယ်ရေးသဘောတူညီချက် (ACFTA) အပြီးသတ်နိုင်ရေးအတွက် ကမ္ဘောဒီးယားအစိုးရ၏ ပူးပေါင်းဆောင်ရွက်မှုကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။
ဝန်ကြီးချုပ် ဟွန်မာနက်ကလည်း သံအမတ်၏ တာဝန်ကာလအတွင်း နှစ်နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မာလာမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ပြီး ကမ္ဘောဒီးယား၏ ငြိမ်းချမ်းရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ကနေဒါ၏ ပံ့ပိုးကူညီမှုများကို ကျေးဇူးတင်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
ထို့ပြင် ကနေဒါရှိ ကမ္ဘောဒီးယားလူမျိုးအသိုင်းအဝိုင်းသည်လည်း နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် စီးပွားရေးဆက်ဆံမှုများ တိုးတက်ရေးတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။