
(ပြည်တွင်း) ဧပြီ ၂၀
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသည့် အမျိုးသား ၁၁ ဦးအား တာဝန်ရှိသူများက ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲအပ်ပွဲကို ယနေ့ နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်ရှိ အေးချမ်းဖြိုးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြန်လည်ဝင်ရောက်လာသူများမှာ ပေါက်ခေါင်းမြို့မှ ၂ ဦး၊ နတ်တလင်းမြို့မှ ၁ ဦး၊ မင်းလှမြို့မှ ၂ ဦးနှင့် ညောင်လေးပင်မြို့မှ ၆ ဦး စုစုပေါင်း ၁၁ ဦး ဖြစ်ကြောင်း သိရသည်။
အခမ်းအနားသို့ တိုင်းမှူး ဗိုလ်မှူးချုပ် သူရဇော်လွင်စိုးနှင့် ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြန်လည်ဝင်ရောက်လာသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် တိုင်းမှူးက ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများအား အသိပညာပေး အမှာစကား ပြောကြားခဲ့ပြီး၊ ထို့နောက် ၎င်းတို့က ယူဆောင်လာသည့် လက်နက်နှင့် ခဲယမ်းများဖြစ်သည့် MA1 သေနတ် တစ်လက်၊ MA3 သေနတ် နှစ်လက်၊ BA63 သေနတ် တစ်လက်၊ M79 လက်လုပ်သေနတ် တစ်လက်၊ ကျည်မျိုးစုံ ၂၅၂ တောင့်၊ ကျည်အိမ် ရှစ်ခုနှင့် ၄၀ မီလီမီတာ ဗုံးသီး တစ်လုံးတို့ကို လွှဲပြောင်းအပ်နှံခဲ့ကြောင်း သိရသည်။
ထို့နောက် တာဝန်ရှိသူများက လက်နက်နှင့် ခဲယမ်းများအတွက် ဆုကြေးငွေများပေးအပ်ခဲ့ပြီး မောင်းပြန်ရိုင်ဖယ်သေနတ် တစ်လက်လျှင် ကျပ် သိန်း ၅၀ နှုန်းဖြင့် လေးလက်အတွက် ကျပ် သိန်း ၂၀၀၊ လက်လုပ်သေနတ် တစ်လက်အတွက် ကျပ် ၅ သိန်း၊ ထို့ပြင် ပြန်လည်ဝင်ရောက်လာသူ တစ်ဦးလျှင် ကျပ် ၃ သိန်းနှုန်းဖြင့် စုစုပေါင်း ကျပ် ၃၃ သိန်းနှင့် ထောက်ပံ့ပစ္စည်းများကို ပေးအပ်ခဲ့ကြောင်း သိရသည်။
ယင်းနောက် ပြန်လည်ဝင်ရောက်လာသူများထဲမှ တစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး ခံဝန်ကတိလက်မှတ်များ ရေးထိုးစေကာ မိဘအုပ်ထိန်းသူများထံ စနစ်တကျ ပြန်လည်လွှဲအပ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် တာဝန်ရှိသူများက အလားတူ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများကိုလည်း ကြိုဆိုလက်ခံကာ လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် နီးစပ်ရာ အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ ဆက်သွယ်နိုင်ကြောင်း အသိပေးထားသည်။