တောင်သူများအတွက် ဒီဇယ်ဆီများ လုပ်ငန်းခွင်အရောက် ဖြန့်ဖြူးရောင်းချ

(ပြည်တွင်း) ဧပြီ ၂၀

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရများနှင့် ပူးပေါင်း၍ တောင်သူများ၏ စက်သုံးဆီ အခက်အခဲ လျော့နည်းသက်သာစေရေးနှင့် ဈေးနှုန်းသက်သာစွာဖြင့် အလွယ်တကူ ဝယ်ယူရရှိနိုင်ရေးအတွက် ပြည်တွင်းထုတ် ဒီဇယ်ဆီများကို လုပ်ငန်းခွင်အရောက် တိုက်ရိုက်ဖြန့်ဖြူး ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ အစီအစဉ်အရ ၂၀၂၅-၂၀၂၆ ခုနှစ် နွေစပါးနှင့် ဆီထွက်သီးနှံများ ထွန်ယက်စိုက်ပျိုးရန် ကျန်ရှိသည့် ကျေးရွာများသို့ ဒီဇယ်ဆီ တစ်ဂါလန်လျှင် ကျပ် ၁၀,၀၀၀ နှုန်းဖြင့် လက်ငင်းငွေချေစနစ်ဖြင့် ရောင်းချပေးလျက်ရှိသည်။

ယနေ့တွင် နေပြည်တော်ရှိ တပ်ကုန်းမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့တွင် စက်သုံးဆီ ဂါလန် ၆၅၀၊ ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်တွင် ဂါလန် ၁၁၀၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အမရပူရ၊ ဝမ်းတွင်းနှင့် ပျော်ဘွယ်မြို့နယ်များတွင် ဂါလန် ၂၂၇၁ နှင့် မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်တွင် ဂါလန် ၄၅၇၈ တို့ကို ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရသည်။

ထို့ကြောင့် စုစုပေါင်း စက်သုံးဆီ ၇၆၀၉ ဂါလန်ကို လုပ်ငန်းခွင်အရောက် ဖြန့်ဖြူးရောင်းချပေးခဲ့ခြင်းဖြစ်သည်။

ကျန်ရှိနေသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တောင်သူများထံသို့လည်း သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်း၍ စက်သုံးဆီများကို လက်ငင်းငွေချေစနစ်ဖြင့် ဆက်လက် ဖြန့်ဖြူးရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။