တာချီလိတ်တွင် ရေလျှံမှုကြိုတင်ကာကွယ်ရေးလုပ်ငန်းများ လွှတ်တော်ကိုယ်စားလှယ်များ ကွင်းဆင်းစစ်ဆေး


(ပြည်တွင်း) ဧပြီ ၂၀ — ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်တွင် သဘာဝဘေး ရေကြီးရေလျှံမှု အန္တရာယ် ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် ဆောင်ရွက်နေသည့် လုပ်ငန်းများအား ယနေ့ နံနက် ၁၀ နာရီအချိန်တွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။


ကွင်းဆင်းစစ်ဆေးရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ငြိမ်းအောင်နှင့် ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၁) ဦးစိုင်းအွန်းခမ်းတို့နှင့်အတူ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာမျိုး၊ မြို့နယ်စည်ပင်သာယာရေးဌာန အမူဆောင်အရာရှိ ဦးကျော်မင်းထိုက်နှင့် ဆည်မြောင်း၊ လမ်းဦးစီး၊ ရေအရင်းမြစ်ဌာနများမှ တာဝန်ရှိသူများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ပါဝင်ခဲ့ကြသည်။


အဆိုပါအဖွဲ့သည် တာချီလိတ်မြို့ရှိ မယ်ဆိုင်ချောင်း၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ပုန်းထွန်၊ တာလော့၊ မကာဟိုခမ်း၊ ဆန်ဆိုင်း(က)နှင့် ဆန်ဆိုင်း(ခ)၊ မယ်ခေါင်ရပ်ကွက်များတွင် ဆောင်ရွက်လျက်ရှိသော ချောင်းတူးဖော်ရေးလုပ်ငန်းများ၊ ရေထိန်းတံခါး တပ်ဆင်ထားမှုအခြေအနေများနှင့် လက်ရှိရေလှိုင်းထိန်းချုပ်ရေးအခြေအနေများကို အသေးစိတ် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


ထို့ပြင် လိုအပ်သော အချက်အလက်များကို သက်ဆိုင်ရာဌာနများနှင့် ရပ်ကွက်အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ငြိမ်းအောင်၏ တာချီလိတ်မြို့နယ်အတွင်း ရေကြီးရေလျှံမှု အန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများလုပ်ဆောင်နေမှုအားကြိုဆိုကြောင်း ဒေပြေသခံများမှ ပြောကြားထားသည်။


ထို့အပြင် သဘာဝဘေးကာကွယ်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနများ၊ ရပ်ကွက်နေပြည်သူများနှင့် တွေ့ဆုံဆွေးနွေးမည့် အစည်းအဝေးကို ဧပြီ ၂၁ ရက်၊ နံနက် ၉ နာရီတွင် တာချီလိတ်မြို့ အောင်မြတ်ခန်းမ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါ အစည်းအဝေးတွင် ၂၀၂၅-၂၀၂၆ ဘတ်ဂျက်နှစ်အတွင်း ဆောင်ရွက်ပြီးစီးခဲ့သော လုပ်ငန်းများ၊ လက်ရှိ ဆောင်ရွက်လျက်ရှိသော စီမံကိန်းများနှင့် ၂၀၂၆-၂၀၂၇ ဘတ်ဂျက်နှစ်အတွက် လျာထားသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအပြင် လျှပ်စစ်မီးဖြန့်ဖြူးမှုနှင့် သုံးစွဲမှုဆိုင်ရာ အချက်အလက်များကိုလည်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

#PAN