တစ်လအတွင်း မီးလောင်မှု ၅ ကြိမ်ဖြစ်ပွား — ပုသိမ်မြို့တွင် နေအိမ် ၂ လုံး မီးလောင်ဆုံးရှုံး

(မှုခင်း) ဧပြီ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့ အမှတ် (၁၄) ရပ်ကွက် ဥမ္မာဒန္တီလမ်းမကြီး (၂) လမ်း၊ လမ်းသွယ် (၂) လမ်းတွင် ဧပြီလ ၁၉ ရက်နေ့ မနက် ၂ နာရီ ၁၅ မိနစ်ခန့်တွင် နေအိမ်မီးလောင်မှုတစ်ရပ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် နေအိမ် (၂) လုံးသို့ မီးကူးစက်လောင်ကျွမ်းခဲ့သော်လည်း လူနှင့် တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သက်ဆိုင်ရာမှ သိရှိရသည်။

ဒေသခံများ၏ ပြောကြားချက်များအရ မီးလောင်မှုဖြစ်ပွားချိန်တွင် မီးကို အချိန်မီ ထိန်းချုပ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့ကြသည့်အတွက် ပျက်စီးဆုံးရှုံးမှုနည်းပါးခဲ့ကြောင်း သိရသည်။

ထို့ပြင် ပုသိမ်မြို့အတွင်း ဧပြီလအတွင်း မီးလောင်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ဧပြီလ (၁) ရက်နေ့တွင် အမှတ် (၅) ရပ်ကွက်၊ ဧပြီလ (၁၀) ရက်နေ့တွင် အကြော်တန်းလမ်း၊ ဧပြီလ (၁၅) ရက်နေ့တွင် တဲကြီးကုန်း၊ ဧပြီလ (၁၈) ရက်နေ့တွင် မြကျွန်းကိုင်းတောနှင့် ယခု ဧပြီလ (၁၉) ရက်နေ့တွင် အမှတ် (၁၄) ရပ်ကွက်၌ ထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်ကာ တစ်လအတွင်း မီးလောင်မှု စုစုပေါင်း (၅) ကြိမ်အထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။

ယခုလို မီးလောင်မှုများ တိုးပွားလာခြင်းကြောင့် ဒေသခံပြည်သူများအနေဖြင့် မီးဘေးလုံခြုံရေးကို အထူးဂရုပြုရန် လိုအပ်နေပြီး သက်ဆိုင်ရာဌာနများအနေဖြင့်လည်း မီးဘေးကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ရန် လိုအပ်ကြောင်း ဒေသခံများမှပြောဆိုထားသည်။

#PAN