အမေရိကန်-အီရန် စစ်ပွဲအဆုံးသတ်ရေး တိုက်ရိုက်ဆွေးနွေးပွဲများ ပါကစ္စတန်တွင် စတင်

(နိုင်ငံတကာ) ဧပြီ ၁၂

     ခြောက်သီတင်းပတ်ကြာ ပြင်းထန်စွာဖြစ်ပွားနေသည့် အမေရိကန်-အီရန် စစ်ပွဲကို အဆုံးသတ်ရန်အတွက် နှစ်နိုင်ငံထိပ်သီးကိုယ်စားလှယ်အဖွဲ့များသည် ပါကစ္စတန်နိုင်ငံ၊ အစ္စလာမ္မာဘတ်မြို့၌ မျက်နှာချင်း ဆိုင် တိုက်ရိုက်ဆွေးနွေးမှုများကို စနေနေ့တွင် စတင်လိုက်ပြီဖြစ်သည်။

​     ကနဦးတွင် ကြားခံနိုင်ငံများမှတစ်ဆင့် သွယ်ဝိုက်ဆွေးနွေးရန် စီစဉ်ခဲ့သော်လည်း ယခုအခါ အမေရိကန်နှင့် အီရန် ကိုယ်စားလှယ်အဖွဲ့များသည် ပါကစ္စတန်ကြားဝင်စေ့စပ်ပေးသူများနှင့်အတူ အခန်းတစ်ခန်းတည်းတွင် တိုက်ရိုက်ညှိနှိုင်းနေကြပြီဖြစ်ကြောင်း အိမ်ဖြူတော်နှင့် သတင်းရင်းမြစ်များက အတည်ပြုသည်။ အမေရိကန်ဘက်မှ ဒုတိယသမ္မတ ဂျေဒီဗန့်စ်(JD Vance) ဦးဆောင်ပြီး အီရန်ဘက်မှ လွှတ်တော်ဥက္ကဋ္ဌ ဂါလီဘတ် (Ghalibaf) တို့က ဦးဆောင်ဆွေးနွေးနေကြခြင်းဖြစ်သည်။

  ဆွေးနွေးပွဲတွင် အဓိကအတားအဆီးဖြစ်နေသည့် လက်ဘနွန်ရှိ အစ္စရေး-ဟစ်ဇ်ဘိုလာ တိုက်ပွဲများ ရပ် တန့်ရေးနှင့် ပတ်သက်၍ အခြေခံနားလည်မှုအချို့ ရရှိနေပြီဟု သိရသည်။ သတင်းရင်းမြစ်များအရ တိုက် ခိုက်မှုများကို လက်ဘနွန်တောင်ပိုင်းတွင်သာ ကန့် သတ်ထားရန်နှင့် အမေရိကန်က သိမ်းဆည်းထားသည့် အီရန်ပိုင် ဆိုင်မှုများကို ပြန်လည်ထုတ်ပေးရန် ကိစ္စရပ်များတွင် တိုးတက်မှုအချို့ ရှိနေကြောင်း သိရသည်။

​     အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က “အီရန်တွေ အသက်ရှင်နေရတာဟာ ဒီဆွေးနွေးပွဲလုပ်ဖို့အတွက်ပဲ” ဟု ဆိုရှယ်မီဒီယာတွင် ပြင်းပြင်းထန်ထန် ရေးသားခဲ့သလို၊ ဒုတိယသမ္မတ ဗန့်စ်ကလည်း အီရန်ဘက်က ကစားကွက်ဆင်လာပါက လက်ခံမည်မဟုတ်ကြောင်း သတိပေးထားသည်။ တစ်ဖက်တွင်လည်း အီရန်လွှတ်တော်ဥက္ကဋ္ဌ ဂါလီဘတ်က အမေရိကန်တို့သည် ကတိမတည်တတ်သည့် အတွေ့အကြုံများရှိခဲ့သဖြင့် စစ်မှန် သော သဘောတူညီချက်မျိုးကိုသာ လိုလားကြောင်း ပြောကြားခဲ့သည်။

​     လက်ရှိတွင် အမေရိကန်နှင့် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုများ ခေတ္တရပ်နားထားသော်လည်း အီရန် ဘက်က ဟော်မုဇ်ရေလက်ကြားကို ဆက်လက်ပိတ်ဆို့ထားဆဲဖြစ်သည်။ ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ဇ်ရှာရစ်ဖ်က ယခုဆွေးနွေးပွဲကို ဒေသတွင်းရေရှည်ငြိမ်းချမ်းရေးအတွက် “အဆုံး အဖြတ်ပေးမည့်ခြေလှမ်း” (Make-or-break) အဖြစ် တင်စားပြောဆိုထားပြီး ကမ္ဘာတစ်ဝန်းကလည်း စောင့်ကြည့်နေကြပါသည်။

​#USIranTalks #IslamabadTalks #JDVance #Ghalibaf #MiddleEastPeace #BreakingNews #PositiveAngleNews

Telegram»…
https://t.me/positiveanglenews

#PAN