အောင်ပွဲလက်တစ်ကမ်းအလိုတွင် ကြုံတွေ့ရသည့် အရှုံးနိမိတ် – ထရန့်၏ အီရန်အပစ်ရပ်စဲရေးအပေါ် အစ္စရေး၏ တုံ့ပြန်မှု

(နိုင်ငံတကာသတင်းဆောင်းပါး)ဧပြီ ၉

     အင်္ဂါနေ့ညက အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ကြေညာခဲ့သည့် နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေးကို အစ္စရေးတို့ သုံးသပ်နေချိန်တွင်၊ အစ္စရေးသည် ၎င်း၏ ပြိုင်ဘက်များနှင့် ဝေဖန်သူများ၏ အမြင်တွင် အား နည်းသွားသည်ဟု ယူဆရသည်။ အဓိက ရန်သူတော် ဖြစ်သော အီရန်မှာ ပြိုလဲမသွားဘဲ ဆက်လက်ရပ် တည်နေဆဲဖြစ်သလို၊ အစ္စရေး၏ ခုခံကာကွယ်ရေး ဒုံးကျည်လက်ကျန်များမှာလည်း ကုန်ခန်းလုနီးပါးဖြစ်နေပြီး ဝန်ကြီးချုပ်မှာလည်း နိုင်ငံရေးအရ ပြင်းပြင်း ထန်ထန် ဝေဖန်တိုက်ခိုက်မှုများနှင့် ရင်ဆိုင်နေရသည်။

     ပါကစ္စတန်က ကြားဝင်စေ့စပ်ပေးခဲ့သော အပစ်ရပ်သတင်းထွက်ပေါ်လာပြီးနောက် ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု၏ ရုံးခန်းက အင်္ဂလိပ်ဘာသာဖြင့် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ရာတွင် အမေရိကန်၏ ဆုံးဖြတ်ချက်ကို ဝန်ကြီးချုပ်က ထောက်ခံကြောင်းနှင့် “အီရန်သည် အမေရိကန်၊ အစ္စရေး၊ အာရပ်အိမ်နီးချင်းများနှင့် ကမ္ဘာကြီးအတွက် နျူကလီး ယား၊ ဒုံးကျည်နှင့် အကြမ်းဖက်မှုဆိုင်ရာ ခြိမ်းခြောက်မှု မဟုတ်တော့ကြောင်း” ဆိုထားသည်။

     သို့သော်လည်း ကန့်သတ်ချက်တစ်ခု ရှိနေသည်။ ကြားဝင်စေ့စပ်ပေးသူ ပါကစ္စတန်က လက်ဘနွန်ရှိ ဟစ်ဇ်ဘိုလာအပေါ် အစ္စရေး၏ တိုက်ခိုက်မှုများလည်း ရပ်တန့်မည်ဟု ကြေညာခဲ့သော်လည်း၊ နေတန်ယာဟုကမူ ယခုအပစ်ရပ်မှုသည် လက်ဘနွန်စစ်ပွဲတွင် အကျုံးဝင်သည်ဟု ယူဆခြင်းမရှိကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။ အမေရိကန်အနေဖြင့်လည်း အနည်း ဆုံးတော့ လက်ရှိအချိန်တွင် အီရန်နှင့် ငြိမ်း ချမ်းရေးဆွေးနွေးနေသည့်တိုင် လက်ဘနွန်စစ်ဆင် ရေးကို ဆက် လက်လုပ်ဆောင်ရန် ခွင့်ပြုထားပုံရသည်။

     နေတန်ယာဟု၏ ကြေညာချက်အပေါ် အစ္စရေးအတိုက်အခံခေါင်းဆောင် ယေယာ လာပစ် (Yair Lapid) က တုံ့ပြန်ရာတွင် ယခုအပစ်ရပ်စဲရေးသည် “သမိုင်းတစ်လျှောက် အကြီးမားဆုံးသော နိုင်ငံရေးဆိုင်ရာ ကပ်ဘေးတစ်ခု” ဟု ခေါ်ဆိုခဲ့သည်။ လာပစ် သည် အီရန်ကို တိုက်ခိုက်မှုကို အခိုင်အမာထောက်ခံခဲ့သူဖြစ်ပြီး၊ အစ္စရေးသည် ယခုဆွေးနွေးပွဲများတွင် ပါဝင်ခွင့်ပင်မရခဲ့ကြောင်း၊ စစ်ရေးအရ အောင်မြင်မှုများရရှိခဲ့သော်လည်း ဝန်ကြီးချုပ်သည် “နိုင်ငံရေးအရ ရှုံးနိမ့်ခဲ့သလို၊ မဟာဗျူဟာအရလည်း ရှုံးနိမ့်ခဲ့ပြီး ၎င်းကိုယ် တိုင်သတ်မှတ်ထားသည့် ရည်မှန်းချက်တစ်ခုကိုမျှ မပြည့်မီခဲ့ကြောင်း” ဝေဖန်ခဲ့သည်။ ထို့ပြင် ဝန်ကြီး ချုပ် ၏ “မာန်မာန” ကြောင့် နိုင်ငံအပေါ် ကျရောက်ခဲ့သော ထိခိုက်မှုများကို ပြန်လည်ကုစားရန် နှစ်ပေါင်းများစွာ အချိန်ယူရလိမ့်မည်ဟုလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

     အခြားသူများကလည်း ဝေဖန်မှုများကို ချက်ချင်းဆိုသလို ပူးပေါင်းလုပ်ဆောင်လာကြသည်။ လက်ဝဲယိမ်း Hadash ပါတီမှ အိုဖာ ကာဆစ်ဖ် (Ofer Cassif) က “ကြေညာချက်ကို အင်္ဂလိပ်ဘာသာနဲ့ ထုတ်ပြန်ခဲ့တာ ကျွန်တော့်အတွက်တော့ မအံ့သြပါဘူး” ဟု ပြောကြားခဲ့သည်။ ၎င်းက ဝန်ကြီးချုပ်နှင့် ပတ်သက်၍ ဆက်လက်ပြောကြားရာတွင် “နေတန်ယာဟုဟာ အစ္စရေးပြည်သူတွေကို စကားပြောဖို့ စိတ်မဝင်စားပါဘူး။ သူက ဒီလိုမျိုး (ပြည်သူကို စကားပြောတာ) ရှားသလို၊ ရုပ်သံ ဒါမှမဟုတ် ရေဒီယို စတူဒီယိုတွေထဲကိုလည်း လုံးဝနီးပါး ဝင်ရောက်လေ့မရှိပါဘူး” ဟု ဆိုသည်။ နေတန်ယာဟုသည် အီရန်နှင့် စစ်ပွဲစတင်ပြီးနောက်ပိုင်း အစ္စရေးပြည်သူများအား စစ်ပွဲရည်မှန်း ချက်များကို ရုပ်သံမှတစ်ဆင့် ရှင်းလင်းပြောကြားရန် နှစ်ပတ်ခန့်အထိ စောင့်ဆိုင်းခဲ့သူ ဖြစ်သည်။

     “သူ့ကို ထောက်ခံတဲ့သူတွေက ဘယ်လိုပဲဖြစ်ဖြစ် ဆက်ထောက်ခံနေမှာဖြစ်ပြီး၊ ကန့်ကွက်တဲ့သူတွေကလည်း ဆက်ပြီးကန့်ကွက်နေကြဦးမယ်ဆိုတာကို သူ (နေတန်ယာဟု) သိထားပုံရပါတယ်၊ ဒါကြောင့် သူစကားပြောတယ်ဆိုတာ နိုင်ငံတကာသတင်းမီဒီယာတွေဆီ ဦးတည်တာဖြစ်သလို၊ သူ့ရဲ့ အမာခံထောက်ခံသူတွေကို စိတ်အေးစေဖို့အတွက်ပဲ ဖြစ်ပါတယ်” ဟု ကာဆစ်ဖ်က ပြောကြားခဲ့သည်။

နေတန်ယာဟု၏ စစ်ပွဲရည်မှန်းချက်များ

     နေတန်ယာဟုက ထုတ်ဖော်ပြောကြားခဲ့သည့် “အီရန် ၏ နျူကလီးယားလက်နက် ထုတ်လုပ်မှုကို တား ဆီးရန်” နှင့် “အီရန်ပြည်သူများအနေဖြင့် ရက်စက်ကြမ်း ကြုတ်သော အာဏာရှင်စနစ်ကို ဖယ်ရှားနိုင်မည့် အခြေအနေများ ဖန်တီးပေးရန်” ဟူသော စစ်ပွဲရည် မှန်းချက်များသည် အစ္စရေး၏ ကာလရှည်ကြာစွဲကိုင်လာသော မဟာဗျူဟာမြောက် ရည်မှန်းချက်များကို နောက်တစ်ကြိမ် ထပ်မံအတည်ပြုခြင်းသာ ဖြစ်သည်။ အမှန်စင်စစ် နေတန်ယာဟုသည် ၁၉၉၀ ပြည့်လွန်နှစ်များကတည်းက အီရန်၏ နျူကလီးယားလက်နက် ပိုင်ဆိုင်နိုင်ခြေမှာ အလွန်နီးကပ်နေပြီဖြစ် ကြောင်း ပြောဆိုလာခဲ့ခြင်းဖြစ်သည်။

     သို့သော်လည်း လွန်ခဲ့သည့် ရက်ပေါင်း ၄၀ အတွင်း အီရန်အပေါ် တိုက်ခိုက်မှုများ၌ စစ်ရေးအရ သိသာထင်ရှားသော အောင်မြင်မှုများ ရရှိခဲ့သော်လည်း အဆို ပါရည်မှန်းချက် နှစ်ရပ်လုံးမှာ ပြည့်မီခြင်း မရှိသေးပေ။
​”စစ်ပွဲရဲ့ မူလရည်မှန်းချက် တစ်ခုမှ မအောင်မြင်ခဲ့တာကြောင့် အစ္စရေးတွေဟာ အပစ်အခတ်ရပ်စဲရေးအပေါ် အကြီးအကျယ် စိတ်ပျက်နေကြပါတယ်” ဟု အစ္စရေးနိုင်ငံမှ မကြာသေးမီက ပြန်လည်ရောက်ရှိလာသည့် လန်ဒန် King’s College၊ စစ်ပွဲလေ့လာရေးဌာနမှ အကြီးတန်းသုတေသနအဖွဲ့ဝင် အာရွန် ဘရက်ဂ်မန်း (Ahron Bregman) က ပြောကြားခဲ့သည်။

     “အီရန်အစိုးရဟာ အာဏာကို ဆက်လက်ဆုပ်ကိုင်ထားဆဲဖြစ်သလို၊ သူတို့ရဲ့ ပဲ့ထိန်းဒုံးကျည် အစီအစဉ်ကိုလည်း အလွန်မြန်မြန်ဆန်ဆန် ပြန်လည်တည် ဆောက်နိုင်စွမ်း ရှိပါတယ်။ ဒါ့အပြင် သူတို့မှာ ၆၀ ရာခိုင်နှုန်း သန့်စင်ထားတဲ့ ယူရေနီယံ ၄၄၀ ကီလိုဂရမ် ရှိနေဆဲဖြစ်ပြီး၊ ဒါဟာ နျူကလီးယားဗုံး ၁၀ လုံးစာအတွက် လုံလောက်တဲ့ ပမာဏပါပဲ။”ဟု အာရွန် က ဆိုသည်။

     လက်တွေ့တွင် လေ့လာစောင့်ကြည့်သူအများစု၏ အဆိုအရ အီရန်သည် လေကြောင်းပိုင်နက် ထိန်းချုပ်နိုင်စွမ်း ဆုံးရှုံးခဲ့ရခြင်း၊ စစ်ပွဲပထမဆုံးနေ့တွင် အသတ်ခံခဲ့ရသည့် အာယတိုလာ အလီခါမေနီ အပါ အဝင် ထိပ်တန်းခေါင်းဆောင်ပိုင်းနှင့် စစ်ဘက်ဆိုင်ရာ အဓိကပုဂ္ဂိုလ် အများအပြား လုပ်ကြံခံခဲ့ရခြင်း စသည့် စစ်ရေးအရ အရှုံးကြီးကြီးမားမား ကြုံတွေ့ခဲ့ရသော် လည်း၊ မထင် မှတ်ထားဘဲ အီရန်မှာ ပိုမိုအင်အားတောင့်တင်းစွာ ထွက်ပေါ်လာခဲ့သည်ဟု ခွဲခြမ်းစိတ်ဖြာသူများက ဆိုကြသည်။

     “အစ္စရေးနဲ့ အမေရိကန်တို့ဟာ နည်းဗျူဟာပိုင်းဆိုင် ရာ အသာစီးရမှုတွေ အများကြီး ရခဲ့ပါတယ်။ စစ်ရေးအရ သူတို့ နိုင်ခဲ့တာ မှန်ပေမဲ့၊ မဟာဗျူဟာပိုင်းအရ ကြည့်မယ်ဆိုရင်တော့ အီရန်ကသာ အပြတ်အသတ် အောင်နိုင်သူ ဖြစ်ပါတယ်” ဟု ဘရက်ဂ်မန်းက သုံး သပ်ပြောကြားခဲ့သည်။

မဟာဗျူဟာမြောက်အမှားအယွင်းတစ်ခုလား

    အီရန်၏ အောင်ပွဲများထဲတွင် အဓိကကျသောအချက်မှာ အမေရိကန်နှင့် အစ္စရေးတို့၏ မဆုတ်မနစ်သော စစ်ရေးတိုက်ခိုက်မှုများကြားမှ အီရန်အစိုးရ ဆက်လက်ရပ်တည်နိုင်ခဲ့ခြင်းသာမက၊ ကမ္ဘာ့စွမ်းအင်သယ်ယူပို့ဆောင်ရေးတွင် အချက်အချာကျသော ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို ပိတ်ဆို့ရန် ဆုံးဖြတ်ခဲ့ခြင်းလည်း ပါဝင်သည်။ လက်ရှိညှိနှိုင်းမှုများအရ နိုင်ငံတကာသင်္ဘောများ ဘေးကင်းစွာ ဖြတ်သန်းနိုင်ရေးမှာ အီရန်နှင့် ၎င်း၏အိမ်နီးချင်း အိုမန်နိုင်ငံတို့၏ ထိန်းချုပ်မှုအောက်သို့ လုံးလုံး လျားလျား ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

     ၂၀၁၈ ခုနှစ်တွင် အစ္စရေး၏ တိုက်တွန်းမှုဖြင့် အမေရိကန်သည် အီရန်နျူကလီးယားသဘောတူညီချက်မှ တစ်ဦးတည်းသဘောဖြင့် နုတ်ထွက်ခဲ့ဖူးသည်။ သို့သော်လည်း ယခုအခါ အီရန်သည် ရေလက်ကြားအတွင်း ဘေးကင်းစွာ ဖြတ်သန်းခွင့်အတွက် သင်္ဘောများထံမှ အခွန်အခအသစ်များ ဆက်လက်ကောက်ခံသွားလိမ့်မည်ဟု လေ့လာသူအများစုက မျှော်လင့်ထားကြသည်။

     ထို့အပြင် ဗုဒ္ဓဟူးနေ့က ထရန့်၏ Truth Social ပို့စ်တွင် ဖော်ပြခဲ့သော အပစ်ရပ်ရေးအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပိတ်ဆို့မှုများ လျှော့ချပေးမည်ဟူသော ကတိကဝတ်များသည်လည်း အီရန်စီးပွား ရေးကို အထောက်အပံ့ ဖြစ်စေခဲ့သည်။

     “ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့ဖို့ အီရန်ရဲ့ ဆုံး ဖြတ်ချက်က ထရန့်ကို ဟန်ချက်ပျက်သွားစေခဲ့ပြီး သူ ဘယ်တော့မှ ပြန်မနိုးထနိုင်တော့ပါဘူး” ဟု ဘရက်ဂ်မန်းက ဆိုသည်။ “နောင်လာနောက်သား သမိုင်းပညာရှင်တွေက အီရန်ရဲ့ ဒီဆုံးဖြတ်ချက်ကို စစ်ပွဲရဲ့ အလှည့်အပြောင်းအမှတ်အဖြစ် သတ်မှတ်ကြပါလိမ့်မယ်။” ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

     အချို့သော လေ့လာသူများ၏ အဆိုအရ စစ်ပွဲအတွင်း အစ္စရေး၏ လုပ်ရပ်များသည် အီရန်အစိုးရကို ပိုမိုအင်အားတောင့်တင်းစေခဲ့သည်ဟု ဆိုသည်။ ဇန်နဝါရီလအတွင်းက အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများ၏ ဗဟိုချက်ဖြစ်ခဲ့သော တီဟီရန်ရှိ ရှရစ်ဖ်တက္ကသိုလ် (Sharif University) ကဲ့သို့သော အတိုက် အခံ နယ်မြေအချို့မှာ အစ္စရေး၏ တိုက်ခိုက်မှုများအတွင်း ပျက်စီးသွားခဲ့သည်။ ထို့အပြင် အီရန်ယဉ် ကျေးမှုကို အမြစ်ပြတ်ချေမှုန်းပစ်မည်ဟူသော ဒေါ်နယ်ထရန့်၏ နောက်ဆုံးမိနစ် ခြိမ်းခြောက်မှုသည်လည်း အီရန်ပြည်သူများက အခြေခံအဆောက်အအုံများပတ်လည်တွင် လူသားတံတိုင်းများဖွဲ့၍ ခုခံနေသည့်ပုံရိပ်များကို အီရန်အစိုးရက ဝါဒဖြန့်အသုံးချခွင့် ရရှိစေခဲ့သည်။

     “ကျွန်တော်ဟာ လူသတ်သမားတွေဖြစ်တဲ့ အီရန်အစိုးရကို မုန်းတီးတယ်ဆိုတာကို နားလည်ပေးကြပါ” ဟု ကာဆစ်ဖ်က ဗုဒ္ဓဟူးနေ့တွင် အစ္စရေးလွှတ်တော် (Knesset) ၌ ပြောကြားခဲ့သည်။ “ဒါပေမဲ့ ဒီအစိုးရကို ပြောင်းလဲပစ်ဖို့ ကျွန်တော်တို့မှာ အခွင့်အရေးရော၊ အရည်အချင်းရော မရှိဘူးဆိုတာကို အစကတည်းက ကျွန်တော်တို့ (Hadash ပါတီ) သတိပေးခဲ့ပါတယ်။ အခုတော့ အတိုက်အခံတွေကို အနစ်နာခံပြီး အီရန်အစိုးရအပေါ် ထောက်ခံမှုတွေ ပိုများလာအောင် ကျွန်တော်တို့က လုပ်ပေးလိုက်သလို ဖြစ်နေပြီ” ဟု ၎င်းက ဆိုသည်။ အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုများကြောင့် အီရန်အစိုးရအပေါ် ပြည်သူ လူထု၏ ထောက်ခံမှုမှာ မထင်မှတ်ဘဲ မြင့်တက်လာခဲ့ခြင်း ဖြစ် သည်။

     အစ္စရေးနှင့် အမေရိကန်တို့သည် ယခင်က ပြဿနာတစ်စုံတစ်ရာ မရှိခဲ့သော ဟော်မုဇ်ရေလက်ကြား၏ စစ်ဆင်ရေးဆိုင်ရာ ထိန်းချုပ်မှုကို အီရန်လက်ထဲသို့ အပ်နှင်းလိုက်သလို ဖြစ်သွားကြောင်း၊ ထို့အပြင် ဆွေး နွေးမှုများ ပြုလုပ်နေစဉ်အတွင်း စတင်ကျူးကျော်မှုများ ပြုလုပ်ခဲ့ခြင်းကလည်း အမေရိကန်နှင့် အစ္စရေးတို့အပေါ် မည်သည့်အခါမျှ ယုံကြည်၍မရနိုင်ကြောင်း ကမ္ဘာကြီးကို ပြသလိုက်ခြင်းပင် ဖြစ်သည်ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

(Al Jazeera သတင်းဌာနမှ Simon Speakman Cordall ၏ Defeat from the jaws of victory: Israel reacts to Trump’s Iran ceasefire သတင်းဆောင်း ပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။)

​​​​#IsraelIranWar #TrumpCeasefire #Netanyahu #MiddleEastStrategy #Geopolitics #BreakingAnalysis #PositiveAngleNews

Telegram»…
https://t.me/positiveanglenews

#PAN