
(နိုင်ငံတကာ) ဧပြီ ၈
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အီရန်အပေါ် တိုက်ခိုက်မည့်အစီအစဉ်ကို နှစ်ပတ်ကြာ ဆိုင်းငံ့လိုက်ကြောင်း ကြေညာလိုက်ပြီးနောက်၊ စိုးရိမ်ပူပန်မှုများ လျော့ကျသွားကာ ရေနံဈေးနှုန်းများ ထိုးကျသွားပြီး အစိုးရငွေတိုက်စာချုပ်များနှင့် စတော့ရှယ်ယာဈေး ကွက်များ သိသိသာသာ မြင့်တက်လာခဲ့သဖြင့် ရင်းနှီးမြှုပ်နှံသူများကြား သက်ပြင်းချနိုင်သည့် အခြေအနေတစ်ရပ် ဖြစ်ပေါ်လာသည်။ ရင်းနှီးမြှုပ်နှံသူများသည် ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် ရေနံနှင့် သဘာဝ ဓာတ်ငွေ့များ ပြန်လည်စီးဆင်းနိုင်မည့် အခြေအနေကို ကြိုဆိုနေကြခြင်းဖြစ်သည်။
အီရန်က ကမ္ဘာ့စွမ်းအင်သယ်ယူပို့ဆောင်ရေးတွင် အချက်အချာကျသော ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို ပြန်လည်ဖွင့်လှစ်ပေးရန် သဘောတူညီခဲ့ပြီးနောက်၊ အမေရိကန် ရေနံစိမ်းကြိုတင်ရောင်း ဝယ်မှု (WTI Crude Futures) ဈေးနှုန်းများသည် ၁၆.၅ ရာခိုင်နှုန်းခန့်အထိ ထိုးကျသွားခဲ့ပြီး တစ်စည်လျှင် ၉၄ ဒေါ်လာဝန်းကျင်သို့ ရောက်ရှိသွားသည်။ မတ်လအတွင်း စစ်ပွဲကြောင့် ရေနံဈေး ၅၀ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ရသည့် ဆိုးရွားသော အခြေအနေမှ ယခုအခါ ပထမဆုံးအကြိမ်အဖြစ် ဈေးနှုန်းများ ပြန်လည်အေးခဲလာခြင်း ဖြစ်သည်။
အပစ်ရပ်ရေးသတင်းကြောင့် အမေရိကန်စတော့အညွှန်းကိန်း S&P 500 Futures များသည် ၂ ရာခိုင် နှုန်းကျော် မြင့်တက်ခဲ့သလို၊ စစ်ပွဲနှင့် စွမ်းအင်ဈေး နှုန်းဒဏ်ကို အလူးအလဲခံခဲ့ရသည့် အာရှစတော့ဈေးကွက်များသည်လည်း ဗုဒ္ဓဟူးနေ့တွင် အား ကောင်းစွာ ပြန် လည်နိုးထလာခဲ့သည်။ တစ်ဖက်တွင်လည်း စစ်ပွဲအတွင်း ရင်းနှီးမြှုပ်နှံသူများ အကာ အကွယ်အဖြစ် အားကိုးခဲ့ရသည့် အမေရိကန်ဒေါ်လာတန်ဖိုးမှာမူ ဈေးကွက်တည်ငြိမ်လာမှုကြောင့် ပြန်လည်ကျဆင်းသွားခဲ့သည်။
“ဈေးကွက်က ထရန့်အနေနဲ့ အီရန်အရေးမှာ ထွက် ပေါက်တစ်ခု ရှာနေလိမ့်မယ်လို့ ခန့်မှန်းထားပြီးသားပါ။ အခုတော့ သူက အဲဒီထွက်ပေါက်ကို ရှာတွေ့သွားပြီး အသုံးချလိုက်ပြီဖြစ်လို့ ဈေးကွက်က အပြု သဘောဆောင် တုံ့ပြန်နေတာပါ” ဟု Harris Financial Group မှ စီမံခန့်ခွဲမှုလက်တွဲဖော် ဂျေမီ ကော့စ်က ဆိုသည်။ အီရန်ဘက်က တင်ပြထားသော အချက် ၁၀ ချက်ပါ အဆိုပြုချက်သည် ရေရှည်ငြိမ်းချမ်းရေးအတွက် ခိုင်မာသော အခြေခံအချက်များဖြစ်သည်ဟု ထရန့်က ပြောကြားခဲ့ခြင်းကလည်း ရင်းနှီးမြှုပ်နှံသူများကို ပိုမိုယုံကြည်မှု ရှိစေခဲ့သည်။
သို့သော်လည်း စီးပွားရေးလေ့လာဆန်းစစ်သူများကမူ ယခုအခြေအနေမှာ အစပြုမှုကောင်းတစ်ခုသာ ဖြစ်ပြီး၊ ဟော်မုဇ်ရေလက်ကြားကို အမြဲတမ်းပြန်လည်ဖွင့်လှစ်နိုင်ရန်နှင့် အစ္စရေးဘက်က အပစ်ရပ်ရေးကို မည်မျှအထိ လိုက်နာမည်ဆိုသည့်အပေါ်တွင် များစွာမူတည်နေသေးကြောင်း သတိပေးထားကြသည်။
#EconomyNews #OilPriceDrop #StockMarketSurge #TrumpCeasefire #HormuzStrait #GlobalMarket #PositiveAngleNews
Telegram»…
https://t.me/positiveanglenews
#PAN