(ပြည်တွင်း) ဧပြီ ၆
ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းလေဆိပ်မှ ရန်ကုန်မြို့သို့ ပျံသန်းလာသည့် ရဟတ်ယာဉ် ၂ စီးကို ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်အတွင်း ပစ်ခတ်တိုက်ခိုက်ခံရကြောင်း စစ်ရေးသတင်းများထုတ်လွှင့်နေသည့် Telegram Channel များ၏ ဖော်ပြချက်အရ သိရသည်။
အဆိုပါသတင်းများအရ Australia အခြေစိုက် Aviation Utilities PTY Ltd (United Aero Helicopters) ပိုင် ရဟတ်ယာဉ် ၂ စီးသည် ဧပြီ ၅ ရက်နေ့ နေ့လည် ၂ နာရီဝန်းကျင်တွင် ရသေ့တောင်မြို့နယ် မိုးစဲကျွန်းအနီး လက်ပံပင်ရင်းကျေးရွာနှင့် ဆားပြင်ကြီးကျေးရွာအနီးသို့ ရောက်ရှိချိန်တွင် Arakan Army(AA) အဖွဲ့မှ လေယာဉ်ပစ် စက်သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
ပစ်ခတ်မှုကြောင့် Airbus Helicopters H125 အမျိုးအစား ရဟတ်ယာဉ် တစ်စီး၏ အမြီးပိုင်းတွင် ကျည်ထိမှန်ခဲ့သော်လည်း လေယာဉ်အဖွဲ့ဝင်များ၏ ထိခိုက်မှုမရှိဘဲ ညနေ ၃ နာရီဝန်းကျင်တွင် ရန်ကုန်လေဆိပ်သို့ လုံခြုံစွာ ဆင်းသက်နိုင်ခဲ့ကြောင်း သိရသည်။
ယင်းရဟတ်ယာဉ်များသည် ထိုင်းနိုင်ငံ ဆူရက်ဌာနီသို့ ဆက်လက်ပျံသန်းရန် ရန်ကုန်တွင် တစ်ထောက်နားရန် ဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်း ဖြတ်ကျော်ပျံသန်းစဉ် လုံခြုံရေးအတွက် မောင်တောမြို့ဘက်မှ စစ်တွေမြို့ဘက်သို့ မေယုမြစ်ကြောင်းအတိုင်း ပျံသန်းလာစဉ် ယခုကဲ့သို့ ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။
အရပ်ဘက်လေယာဉ်များကို ပစ်ခတ်တိုက်ခိုက်ခြင်းသည် အပြည်ပြည်ဆိုင်ရာ ဥပဒေများအရ စစ်ရာဇဝတ်မှုအဖြစ် သတ်မှတ်နိုင်သည့် လုပ်ရပ်တစ်ရပ်ဖြစ်ကြောင်းကိုလည်း ပြောကြားထားသည်။

#PAN