(ပြည်တွင်း) ဧပြီ ၁
သတင်းမီဒီယာအသိအမှတ်ပြုကတ်ပြား ရယူထားသော်လည်း သတင်းထုတ်လွှင့်ဖော်ပြမှု မရှိဘဲ နိုင်ငံတော်အဆင့် အခမ်းအနားများနှင့် လွှတ်တော်သတင်းများကိုသာ တက်ရောက်နေသည့် သတင်းဌာနအချို့ကိုလည်း ဆက်လက်စိစစ်ကန့်သတ်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနထံမှ သိရသည်။

ပြန်ကြားရေးဝန်ကြီးဌာနသည် နိုင်ငံသားတိုင်း၏ လွတ်လပ်စွာရေးသားထုတ်ဝေခွင့်ကို ဥပဒေနှင့်အညီ အကောင်အထည်ဖော်ပေးလျက်ရှိပြီး မီဒီယာများ၏ ကျင့်ဝတ်ဖောက်ဖျက်မှုများရှိပါက အသိအမှတ်ပြုကတ်ပြား ပြန်လည်ရုတ်သိမ်းခြင်း သို့မဟုတ် တရားစွဲဆိုခြင်းများ ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။
ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ သတင်းမီဒီယာဥပဒေတို့အောက်တွင် သတင်းမီဒီယာများကို စိစစ်ခွင့်ပြုပေးနေကြောင်း သိရသည်။
သတင်းမီဒီယာဥပဒေပုဒ်မ (၉) တွင် မီဒီယာသမားများလိုက်နာရမည့် တာဝန်နှင့် ကျင့်ဝတ်များကို ပြဋ္ဌာန်းထားပြီး ယင်းကို ချိုးဖောက်သည်ဟု ယူဆပါက နစ်နာသူများအနေဖြင့် ပုဒ်မ (၂၁)၊ (၂၂)၊ (၂၃) အရ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ သို့မဟုတ် သက်ဆိုင်ရာတရားရုံးများသို့ တိုင်ကြားနိုင်ကြောင်း ဖော်ပြထားသည်။ ထို့အပြင် ပြန်ကြားရေးဝန်ကြီးဌာနက မီဒီယာများအား ဥပဒေနှင့်အညီ တာဝန်ယူဆောင်ရွက်ရန် တိုက်တွန်းထားပြီး ကျင့်ဝတ်နှင့် မညီညွတ်သည့် လုပ်ရပ်များအပေါ် ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
#PAN