ရေနံဈေးနှုန်း မြင့်တက်မှုကြောင့် အမေရိကန်တွင် အလုပ်လက်မဲ့နှုန်း မြင့်တက်လာနိုင်သည့် Goldman Sachs ရဲ့ အချက်ပေးခေါင်းလောင်းသံ

(နိုင်ငံတကာသတင်းဆောင်းပါး)မတ် ၂၈

    Goldman Sachs ဘဏ်မှ စီးပွားရေးပညာရှင် Pierfrancesco Mei သည် မတ်လ ၂၆ ရက်နေ့တွင် သုတေသနမှတ်တမ်းတစ်ခုကို ထုတ်ပြန်ခဲ့သည်။ ယင်းမှတ်တမ်းအရ လက်ရှိဖြစ်ပေါ်နေသော ရေနံဈေးနှုန်း အဆမတန်မြင့်တက်မှုသည် ၂၀၂၆ ခုနှစ်ကုန်အထိ အမေရိကန်နိုင်ငံ၏ လစဉ်အလုပ်အကိုင်တိုးတက်မှုနှုန်း (Payroll Growth) ကို တစ်လလျှင် အလုပ်အကိုင်ပေါင်း ၁၀,၀၀၀ ခန့်အထိ လျော့ကျစေလိမ့်မည်ဟု ခန့် မှန်းထားသည်။

     ထို့အပြင် ၂၀၂၆ ခုနှစ်၊ တတိယသုံးလပတ် (Q3) အရောက်တွင် အမေရိကန်၏ အလုပ်လက်မဲ့နှုန်းသည် ၀.၂ ရာခိုင်နှုန်းခန့် ထပ်မံမြင့်တက်လာပြီး စုစုပေါင်း ၄.၆ ရာခိုင်နှုန်းအထိ ရှိလာနိုင်ကြောင်း အဆိုပါဘဏ်က မျှော်လင့်ထားသည်။ ယင်းသို့ အလုပ်လက်မဲ့နှုန်း မြင့်တက်လာရခြင်း၏ အကြောင်းရင်းတစ်ဝက်ခန့်မှာ မြင့်မားလှသော ရေနံဈေးနှုန်းများကြောင့် ဖြစ်သည်ဟု ဆိုသည်။

     Goldman Sachs သည် ၎င်းတို့၏ ခန့်မှန်းချက်များကို အမေရိကန်ဗဟိုဘဏ် (Federal Reserve) ၏ FRB/US စီးပွားရေးပုံစံငယ်နှင့် ပညာရပ်ဆိုင်ရာ သုတေသနပြုချက်များဖြင့် တိုက်ဆိုင်စစ်ဆေးခဲ့ရာ နည်းလမ်းသုံးမျိုးစလုံးတွင် ရလဒ်များမှာ ထပ်တူနီးပါး ထွက်ပေါ်နေကြောင်း တွေ့ရှိခဲ့ရသည်။

ယခုတစ်ကြိမ်ရေနံဈေးနှုန်းရိုက်ခတ်မှုသည် အတိတ်က အခြေအနေများနှင့် အဘယ်ကြောင့် ကွာခြားသနည်း

     Goldman Sachs ဘဏ်၏ ပထမဆုံးသော ကောက်ချက်မှာ အမေရိကန်စီးပွားရေးသည် ၁၉၇၀ နှင့် ၁၉၈၀ ပြည့်လွန်နှစ်များကထက်စာလျှင် ရေနံဈေးနှုန်းရိုက်ခတ်မှုများအပေါ် တုံ့ပြန်နိုင်စွမ်း ပိုမိုအားကောင်းလာခြင်းပင် ဖြစ်သည်။ စီးပွားရေးပညာရှင် ဒေးဂိုးကန်ဇစ် (Diego Känzig) ပြုစုထားသော ရေနံရောင်းလိုအား ရိုက်ခတ်မှုဆိုင်ရာ အချက်အလက်များကို အသုံး ပြု၍ တွက်ချက်ရာတွင် – ယနေ့ခေတ်၌ ရေနံဈေးနှုန်း ၁၀ ရာခိုင်နှုန်း မြင့်တက်ခြင်းသည် အလုပ်လက်မဲ့နှုန်းနှင့် အလုပ်အကိုင်ရရှိမှုအပေါ် သက်ရောက်မှုမှာ ၁၉၇၅ ခုနှစ်မှ ၁၉၉၉ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သော သက် ရောက်မှု၏ သုံးပုံတစ်ပုံခန့်သာ ရှိတော့ကြောင်း အဆိုပါဘဏ်က ခန့်မှန်းထားသည်။

  ပညာရှင် ကန်ဇစ်၏ နည်းလမ်းမှာ OPEC အဖွဲ့၏ ရေနံထုတ်လုပ်မှုဆိုင်ရာ ကြေညာချက်များ ထွက်ပေါ် လာချိန်ဝန်းကျင်ရှိ ရေနံအနာဂတ်ဈေးကွက် (Oil Futures) လှုပ်ရှားမှုများကို အနီးကပ်တိုင်းတာခြင်းဖြင့် ရေနံရောင်းလိုအားဆိုင်ရာ သတင်းအချက်အလက်များကို အခြားသော စီးပွားရေးအခြေအနေများမှ သီးခြားခွဲထုတ်၍ ဆန်းစစ်ခြင်းဖြစ်သည်။

     ဤကဲ့သို့ ကွာခြားသွားရခြင်းမှာ အဓိကကျသော ဖွဲ့စည်းပုံဆိုင်ရာ အပြောင်းအလဲ (၂) ရပ်ကြောင့် ဖြစ်သည် –
• ပထမအချက်မှာ အမေရိကန်၏ ပြည်တွင်းအသား တင်ထုတ်ကုန် (GDP) အပေါ် ရေနံအသုံးပြုမှု ပြင်းအား (Oil Intensity) မှာ သိသိသာသာ လျော့နည်းသွားခြင်းဖြစ်သည်။ ယင်းကြောင့် ရေနံဈေးနှုန်းများ မြင့်တက်လာသည့်တိုင်အောင် စားသုံးသူများ၏ အသုံးစရိတ်နှင့် စွမ်းအင်မဟုတ်သော ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများအပေါ် ဆွဲချနိုင်သည့်ဒဏ်မှာ ယခင်ကထက် လျော့နည်းသွားခြင်း ဖြစ်သည်။
• ဒုတိယအချက်မှာ ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း ပေါ် ပေါက်လာခဲ့သည့် ရှေးလ် (Shale) ရေနံထုတ်လုပ်မှု တော်လှန်ရေးကြောင့် အမေရိကန်ပြည်တွင်း၌ အင်အားကောင်းသော စွမ်းအင်ကဏ္ဍတစ်ခု ဖြစ်ထွန်းလာခဲ့သည်။ ယင်းကြောင့် ရေနံဈေးနှုန်းများ မြင့်တက်လာချိန်တွင် စွမ်းအင်ကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုနှင့် အလုပ်အကိုင်ခေါ်ယူမှုများ တိုးတက်လာကာ စီးပွား ရေးထိခိုက်မှုကို ပြန်လည်ကုစားပေးနိုင်သည့် အထောက်အပံ့တစ်ခု ဖြစ်စေခဲ့သည်။

     သို့သော်လည်း ယခုတစ်ကြိမ် ရေနံဈေးနှုန်းမြင့်တက်မှုတွင်မူ အဆိုပါ အထောက်အပံ့ပေးနိုင်စွမ်းမှာ ယခင်ကထက် လျော့နည်းနေသည်ဟု ဆိုရမည်။ အကြောင်းမှာ မကြာသေးမီနှစ်များအတွင်း ရေနံထုတ် ယူမှု နည်းပညာပိုင်း၌ ကုန်ထုတ်စွမ်းအား (Product – ivity) သိသိသာသာ တိုးတက်လာခြင်းကြောင့် ဖြစ် သည်။ ထို့ကြောင့် ရေနံထုတ်လုပ်မှု ပမာဏကို တိုးမြှင့်လိုက်သည့်တိုင်အောင် ရေနံကဏ္ဍ၌ အလုပ်အကိုင်သစ်များ ထပ်မံတိုးပွားလာမှုမှာ ကန့်သတ်ချက်ရှိနေမည်ဖြစ်သည်။

     Goldman Sachs ၏ ခန့်မှန်းချက်အရ စွမ်းအင်ကဏ္ဍတွင် အရင်းအနှီး အသုံးစရိတ်များ (Capital Spending) သိသိသာသာ တိုးလာဖွယ် မရှိဟု သိရသည်။ ယင်းကြောင့် ရေနံတူးဖော်ရေး စက်ကိရိယာ ထုတ်လုပ်ခြင်းနှင့် ပိုက်လိုင်းသွယ်တန်းခြင်းကဲ့သို့သော နောက်ဆက်တွဲ ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများအပေါ် ရရှိမည့် စီးပွားရေးတွန်းအားမှာလည်း အကန့် အသတ်ဖြင့်သာ ရှိနေမည် ဖြစ်သည်။

Goldman Sachs ၏ ရေနံဈေးနှုန်း ခန့်မှန်းချက်နှင့် အလုပ်လက်မဲ့နှုန်းဆိုင်ရာ တွက်ချက်မှု

     Goldman Sachs ၏ ကုန်စည်ဗျူဟာရှင်များက ဘရန့်ရေနံစိမ်း (Brent crude) ဈေးနှုန်းသည် မတ်လတွင် တစ်စည်လျှင် ပျမ်းမျှ ၁၀၅ ဒေါ်လာနှင့် ဧပြီလတွင် ၁၁၅ ဒေါ်လာအထိ ရှိလာမည်ဟု ခန့်မှန်းထားသည်။ သို့သော် ၂၀၂၆ ခုနှစ်၊ စတုတ္ထသုံးလပတ် (Q4) အရောက်တွင် ဈေးနှုန်းမှာ ၈၀ ဒေါ်လာအထိ ပြန်လည်ကျဆင်းသွားမည်ဟု မျှော်လင့်ရသည်။ ဤခန့်မှန်းချက်မှာ ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် ရေနံစီးဆင်းမှုသည် အကြမ်းဖျင်းအားဖြင့် (၆) ပတ်ခန့်အထိ အလွန်နည်းပါးနေဦးမည်ဟူသော ယူဆချက်အပေါ် အခြေခံထားခြင်း ဖြစ်သည်။

     အဆိုပါ လမ်းကြောင်းအတိုင်း ဖြစ်ပေါ်လာပါက ရေနံဈေးနှုန်းရိုက်ခတ်မှု တစ်ခုတည်းကြောင့်ပင် အလုပ် လက်မဲ့နှုန်းကို ၀.၁ ရာခိုင်နှုန်း မြင့်တက်စေလိမ့်မည်ဟု Goldman Sachs က ခန့်မှန်းထားသည်။ ကျန်ရှိသော ၀.၁ ရာခိုင်နှုန်း မြင့်တက်မှုမှာမူ လက်ရှိအလုပ်အကိုင် တိုးတက်မှုနှုန်းသည် တိုးပွားလာနေသော လုပ်သားအင်အားစုကို လက်ခံနိုင်စွမ်းမရှိလောက်အောင် အလွန်နှေးကွေးနေခြင်းကြောင့် ဖြစ်သည်။

     အထက်ဖော်ပြပါ အချက်နှစ်ချက် (ရေနံဈေးနှုန်းနှင့် လုပ်သားဈေးကွက် နှေးကွေးမှု) ပေါင်းစပ်လိုက်ခြင်းကြောင့် ၂၀၂၆ ခုနှစ်၊ တတိယသုံးလပတ် (Q3) အရောက်တွင် အလုပ်လက်မဲ့နှုန်းမှာ ၄.၆ ရာခိုင်နှုန်းအထိ ရှိလာမည်ဟု Goldman Sachs က ခန့်မှန်းထားခြင်း ဖြစ်သည်။

     ထို့အပြင် အဆိုပါဘဏ်သည် ယခုထက် ပိုမိုပြင်းထန်ဆိုးရွားနိုင်သည့် အခြေအနေ (၂) ရပ်ကိုလည်း ပုံဖော်တွက်ချက်ထားသည်။  အကယ်၍ ဘရန့်ရေနံစိမ်းဈေးနှုန်းသည် တစ်စည်လျှင် အမြင့်ဆုံး ၁၄၀ ဒေါ်လာ အထိ ရောက်ရှိသွားပါက ရေနံဈေးနှုန်းရိုက်ခတ်မှု တစ်ခုတည်းကြောင့်ပင် အလုပ်လက်မဲ့နှုန်းကို ၀.၂ ရာခိုင် နှုန်း ထပ်မံမြင့်တက်စေမည်ဖြစ်သည်။ အကယ်၍ ရေနံဈေးနှုန်းသည် တစ်စည်လျှင် အမြင့်ဆုံး ၁၆၀ ဒေါ်လာ အထိ ထိုးတက်သွားပါက အလုပ် လက်မဲ့နှုန်းအပေါ် သက်ရောက်မှုမှာ ၀.၃ ရာခိုင်နှုန်းအထိ ပိုမိုမြင့်တက်လာမည်ဖြစ်သည်။

အလုပ်အကိုင် ဆုံးရှုံးမှုများ မည်သည့်ကဏ္ဍတွင် အများဆုံး စုပြုံနေသနည်း

     Goldman Sachs ၏ လုပ်ငန်းကဏ္ဍအလိုက် ခွဲခြားဆန်းစစ်ချက်အရ စီးပွားရေးရိုက်ခတ်မှုကို အပြင်းထန်ဆုံး ခံစားရမည့်နေရာများကို အောက်ပါအတိုင်း ဖော်ပြထားသည် –
• ​အပန်းဖြေခြင်းနှင့် ဧည့်ဝတ်ပြုရေး (Leisure and Hospitality): ဤကဏ္ဍသည် အထိခိုက်ဆုံးဖြစ်ပြီး တစ်လလျှင် အလုပ်အကိုင်ပေါင်း ၅,၀၀၀ ခန့်အထိ လျော့နည်းသွားနိုင်သည်။ စွမ်းအင်ဈေးနှုန်း မြင့်တက်လာခြင်းကြောင့် စားသုံးသူများ၏ လက်ကျန်ငွေ (Disposable Income) လျော့နည်းသွားကာ အပြင်ထွက်စားသောက်ခြင်း၊ ခရီးသွားခြင်းနှင့် ဖျော်ဖြေရေးကဏ္ဍများတွင် အသုံးစရိတ်ကို ဦးစွာလျှော့ချလာခြင်းကြောင့် ဖြစ်သည်။

• ​လက်လီကုန်သွယ်မှု (Retail Trade): တစ်လလျှင် အလုပ်အကိုင် ၂,၀၀၀ ခန့် လျော့နည်းသွားနိုင် သည်။ စားသုံးသူများ၏ ဝယ်လိုအား ကျဆင်းလာခြင်းကြောင့် ကုန်ပစ္စည်းလိုအပ်ချက်နှင့် ဝန်ထမ်းခေါ်ယူမှုများပါ လျော့ကျလာခြင်းဖြစ်သည်။

• ​အနုပညာ၊ ဖျော်ဖြေရေး၊ တည်းခိုနေထိုင်ရေးနှင့် စားသောက်ကုန်ဝန်ဆောင်မှုများ: လေ့လာခဲ့သည့် လုပ်ငန်းကဏ္ဍအားလုံးထဲတွင် ဝန်ထမ်းသစ်ခေါ်ယူမှုနှုန်း အသိသာဆုံး ကျဆင်းသွားသည့် ကဏ္ဍများဖြစ်သည်။ စားသုံးသူများသည် မရှိမဖြစ်မဟုတ်သော အသုံးစရိတ်များကို ဖြတ်တောက်နေခြင်းနှင့် ကိုက်ညီနေသည်။

• ​ကျန်းမာရေးစောင့်ရှောက်မှုနှင့် အိမ်ရာကဏ္ဍ: ဤကဏ္ဍများမှာမူ ထိခိုက်မှုနည်းပါးသည်။ ၎င်းတို့သည် မရှိမဖြစ်လိုအပ်သော အသုံးစရိတ်များဖြစ်သောကြောင့် Goldman ၏ တွက်ချက်မှုပုံစံတွင် သက်ရောက်မှု အနည်းငယ်သာ ရှိသည်ကို တွေ့ရသည်။

​     Goldman Sachs ၏ မှတ်ချက်အရ အလုပ်လက်မဲ့နှုန်း မြင့်တက်လာခြင်းမှာ ဝန်ထမ်းများကို အစုလိုက် အပြုံလိုက် အလုပ်ထုတ်ခြင်း (Layoffs) ကြောင့်ထက်စာလျှင် ဝန်ထမ်းသစ်ခေါ်ယူမှုနှုန်း လျော့ကျသွားခြင်း (Lower Hiring) ကြောင့်သာ အဓိကဖြစ်သည်ဟု သိရသည်။ အလုပ်ထုတ်ပယ်မှုမှာ အနည်းငယ်သာရှိပြီး ဝန် ထမ်းသစ်များ ထပ်မံတိုးပွားမလာတော့သည့် အခြေ အနေမျိုးသာ ဖြစ်သည်ဟု ဆိုပါသည်။

ကျယ်ပြန့်သော အလုပ်အကိုင်ဈေးကွက်အပေါ် သက်ရောက်နိုင်မှုများ

     အမေရိကန်နိုင်ငံသည် ၁၉၇၀ ပြည့်လွန်နှစ်များကကဲ့သို့ ပြင်းထန်သော ရေနံဈေးနှုန်းရိုက်ခတ်မှုမျိုးနှင့် ရင်ဆိုင်နေရခြင်း မဟုတ်ကြောင်း Goldman Sachs ဘဏ်က ရှင်းလင်းစွာ ဖော်ပြထားသည်။ စီးပွားရေး၏ ဖွဲ့စည်းပုံဆိုင်ရာ အပြောင်းအလဲများကြောင့် ယခုတစ်ကြိမ် ထိခိုက်မှုမှာ ယခင်ကထက်စာလျှင် ပိုမိုထိန်းချုပ်နိုင်သည့် အခြေအနေတွင် ရှိနေသည်။

     သို့သော်လည်း အလုပ်အကိုင်ဈေးကွက် တိုးတက်မှု နှေးကွေးလာခြင်းနှင့်အတူ ရေနံဈေးကြောင့် စားသုံး သူများ၏ အသုံးစရိတ် ထိခိုက်လာခြင်းတို့ ပေါင်းစပ်လိုက်ပါက ယခုနှစ်လယ်ပိုင်းတွင် အလုပ်လက်မဲ့နှုန်းကို သိသိသာသာ မြင့်တက်လာစေရန် လုံလောက်သော အကြောင်းပြချက် ဖြစ်နေသည်။ Goldman Sachs သည် ၎င်းတို့၏ ပြည်တွင်းအသားတင်ထုတ်ကုန် (GDP) ခန့်မှန်းချက်ကို လျှော့ချလိုက်ပြီးဖြစ်သလို၊ အလုပ်လက်မဲ့နှုန်းနှင့် ငွေကြေးဖောင်းပွမှု (Inflation) ခန့်မှန်းချက်များကိုမူ တိုးမြှင့် သတ်မှတ်လိုက်ပြီ ဖြစ်သည်။

     တစ်လလျှင် အလုပ်အကိုင်ပေါင်း ၁၀,၀၀၀ ခန့် လျော့နည်းသွားမည်ဆိုသော ခန့်မှန်းချက်တွင် စားသုံး သူနှင့် တိုက်ရိုက်ထိတွေ့နေရသော လုပ်ငန်းများ၌ အလုပ်အကိုင် ဆုံးရှုံးမှုများနှင့် စွမ်းအင်ကဏ္ဍတွင် အနည်းငယ် ပြန်လည်တိုးတက်လာမည့် အလုပ်အကိုင် အရေအတွက် နှစ်ခုစလုံးကို ထည့်သွင်းတွက်ချက်ထားခြင်း ဖြစ်သည်။ စွမ်းအင်ကဏ္ဍတွင် အလုပ် အကိုင်အချို့ တိုးပွားလာမည်ဖြစ်သော်လည်း၊ မရှိမဖြစ်မဟုတ်သော အသုံးစရိတ်များ လျော့ကျသွားမှုကြောင့် ဖြစ်ပေါ် လာသည့် စီးပွားရေးဆွဲချမှုကိုမူ ကျော်လွှားနိုင်ခြင်း မရှိသေးပေ။

     စစ်ပွဲကာလ ကြာရှည်လာမည်ကို စိုးရိမ်ခြင်းကြောင့် ကမ္ဘာ့စတော့ဈေးကွက်များတွင် ရင်းနှီးမြှုပ်နှံသူများက ရှယ်ယာများကို အစုလိုက်အပြုံလိုက် ပြန်လည်ရောင်းချနေကြသည်။ စစ်ပွဲစတင်ပြီး ပထမအပတ်အနည်းငယ်အတွင်းမှာပင် ကမ္ဘာ့ဈေးကွက်တန်ဖိုး အမေရိကန်ဒေါ်လာ ၅.၅ ထရီလီယံခန့် ဆုံးရှုံးသွားခဲ့ပြီး ဖြစ်သည်။

     ၂၀၂၆ ခုနှစ်၏ ပထမသုံးလပတ်ကုန်ဆုံးချိန်တွင် ကမ္ဘာကြီးသည် စစ်ရေးထက် စီးပွားရေးစစ်မျက်နှာတွင် ပိုမိုရုန်းကန်နေရသည်။ ယူကရိန်းစစ်ပွဲ အဆုံး သတ်သွားနိုင်သော်လည်း အီရန်ပဋိပက္ခကြောင့် ဖြစ်ပေါ်လာသည့် စွမ်းအင်အကျပ်အတည်းနှင့် ငွေကြေး ဖောင်းပွမှုဒဏ်ကို မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ် ဝန်းရှိ စားသုံးသူများက ရှောင်လွှဲမရဘဲ ခံစားနေကြရပြီ ဖြစ်သည်။

( Yahoo Finance မှ  Hillary Remy ၏ Goldman Sachs has a blunt message on oil prices and jobs သတင်းဆောင်းပါးပါ အချက်အလက်များကို ကိုးကားထားပါသည်။)

#USEconomy #GoldmanSachs #OilShock #GDPForecast #Unemployment #Inflation2026 #PositiveAngleNews

Telegram»…
https://t.me/positiveanglenews

#PAN