“PDF နှင့် AA အဖွဲ့ဝင် ၁၈ ဦး လက်နက်နှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်—ဆုကြေးငွေများ ချီးမြှင့်”

(ပြည်တွင်း) မတ် ၂၆

နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်လာသည့် PDF အဖွဲ့ဝင် ၈ ဦးနှင့် AA အဖွဲ့ဝင် ၁၀ ဦး စုစုပေါင်း ၁၈ ဦးသည် လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာခဲ့ကြောင်း သိရသည်။

အဆိုပါ လက်နက်ချ ဝင်ရောက်လာသူများကို တာဝန်ရှိသူများက ကြိုဆိုလက်ခံပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပွဲကို မတ်လ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ ဧရာဝတီခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူး အပါအဝင် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ အလင်းဝင်ရောက်လာကြသည့် ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့မှ ၁ ဦး၊ အင်္ဂပူမြို့နယ်မှ ၁ ဦး၊ ရေကြည်မြို့နယ်မှ ၁ ဦး၊ ရွှေသောင်ယံမြို့နယ်မှ ၁ ဦး၊ ဟိုင်းကြီးကျွန်းမြို့နယ်မှ ၁ ဦး၊ လေးမျက်နှာမြို့နယ်မှ ၁ ဦး၊ ကြံခင်းမြို့နယ်မှ ၁ ဦး၊ မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်မှ ၁ ဦး၊ ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှ ၂ ဦး၊ မြေပုံမြို့နယ်မှ ၁ ဦး၊ မြောက်ဦးမြို့နယ်မှ ၂ ဦး၊ ရမ်းဗြဲမြို့နယ်မှ ၁ ဦး၊ ဂွမြို့နယ်မှ ၂ ဦး၊ ပုဏ္ဏားကျွန်းမြို့နယ်မှ ၁ ဦးနှင့် မောင်တော မြို့နယ်မှ ၁ ဦးတို့နှင့်၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် တာဝန်ရှိသူများက ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား အသိပညာပေး အမှာစကားများ ပြောကြားခဲ့ပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့်အတူ ပါရှိလာသည့်MA-1 အမျိုးအစားမောင်းပြန်ရိုင်ဖယ်(၅) လက်၊ MA-3 အမျိုးအစား မောင်းပြန်ရိုင်ဖယ်(၁) လက်၊ MA-11 အမျိုးအစား မောင်းပြန်ရိုင်ဖယ်(၁)လက်၊ SIG SAUER အမျိုးအစားပစ္စတို (၁)လက်၊ ၃၅ တောင့်ဝင်ကျည်အိမ် (၉) ခု၊ SIG SAUER အမျိုးအစား ပစ္စတိုကျည်အိမ် ၁ ခု၊ BA-91 လက်ပစ်ဗုံး (၁) လုံး၊ ၅ ဒသမ ၅၆ မမ ကျည် (၂၈၃) တောင့်၊ ၇ ဒသမ ၆၂ မမ ကျည် (၂၃) တောင့်နှင့် USA 380 AUTO (၂၀) တောင့်တို့အား လွှဲပြောင်းအပ်နှံရာ တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်ခံရယူ လက်နက်များကို လွှဲပြောင်းအပ်နှံခဲ့ကြသည်။

ထို့နောက် တာဝန်ရှိသူများက လက်နက်နှင့်အတူ ဝင်ရောက်လာသူများအား သေနတ် ၁ လက်လျှင် ဆုကြေးငွေ ကျပ်သိန်း(၅၀)နှုန်းဖြင့် သေနတ် ၇ လက်အတွက်ကျပ်သိန်း (၃၅၀) ကျပ်၊ ပစ္စတို ၁ လက်အတွက် သိန်း (၂၀) ကျပ်၊ လက်ပစ်ဗုံး(၁)လုံးအတွက် ဆုကြေးငွေ (၃)သိန်းကျပ်နှင့် အလင်းဝင်ရောက်လာသူ (၁)ဦးလျှင်(၃)သိန်းကျပ်နှုန်းဖြင့် (၁၈)ဦး အတွက် (၅၄)သိန်းကျပ်၊ စုစုပေါင်းချီးမြှင့်ငွေကျပ်သိန်း(၄၂၇)သိန်းနှင့် ထောက်ပံ့ပစ္စည်းများကို ထောက်ပံ့ပေးအပ်ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။

ယင်းနောက် ဝင်ရောက်လာသူများအား ခံဝန်ကတိ လက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံ စနစ်တကျ ပြန်လည်လွှဲပြောင်းအပ်နှံခဲ့ကြောင်း သိရသည်။

သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ပြောကြားချက်အရ လက်နက်ကိုင်အဖွဲ့များအတွင်း အခက်အခဲများ၊ အကြမ်းဖက်လုပ်ရပ်များကို လက်မခံနိုင်တော့ခြင်းနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံကြည်လက်ခံလာခြင်းတို့ကြောင့် ယခုကဲ့သို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်အနေဖြင့်လည်း ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအား ကြိုဆိုလက်ခံကာ လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် နီးစပ်ရာ အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများမှတစ်ဆင့် ဆက်သွယ်နိုင်ကြောင်း သိရသည်။

#PAN