(မှုခင်း)မတ်လ-၂၆
မတ် ၂၆ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တို့၌ PDF အကြမ်းဖက်သမားများ၏ သတ်ဖြတ်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သား ၁ ဦး သေဆုံးကာ ၁ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။မတ်မတ်၂၃ ရက် နံနက် ၁၀ နာရီ ၁၅ မိနစ်အချိန်တွင် ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်၊ ညောင်ကုန်းကျေးရွာအနီး ရွာငံ-အောင်ပန်းကားလမ်း မိုင်တိုင်အမှတ် ၅၂ မိုင် ၂ ဖာလုံ၌ အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သိရသည်။

ဖြစ်စဉ်မှာ မတ် ၂၂ ရက် နံနက် ၈ နာရီ ၃၀ မိနစ်အချိန်တွင် ရွာငံမြို့နယ်၊ အင်းကုန်းကျေးရွာနေ ဦးကျော်ဟန်သန့်(ခ)သားထွေး(၄၅)နှစ်သည် မြစေတီကျေးရွာသို့ ထွက်ခွာသွားခဲ့ရာမှ နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်း မရှိသဖြင့် မိသားစုဝင် များက လိုက်လံရှာဖွေခဲ့ရာ ညောင်ကုန်းကျေးရွာအနီး၌ PDF အကြမ်းဖက်သမားများက ဓားဖြင့် ထိုးခုတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးကျော်ဟန်သန့်(ခ)သားထွေးအား သေဆုံးလျက်တွေ့ရှိ ရခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ မွန်းလွဲ ၂ နာရီတွင် တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ပြည်သူ့ဆေးရုံ၌ ကျည်ထိမှန် ဒဏ်ရာများဖြင့် အမျိုးသား ၁ ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင် များက သွားရောက်စစ်ဆေးခဲ့ရာ နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် ပုလောမြို့နယ်၊ အမှတ်(၅) ရပ်ကွက်နေ ဦးမင်းနိုင်(၅၂)နှစ်သည် အဆိုပါရပ်ကွက်အနီးရှိ လယ်ကွင်းအတွင်း နွားကျောင်းနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား သုံးဦး ရောက်ရှိလာပြီး “သတင်းပေး” ဟုစွပ်စွဲပြောဆို၍ သေနတ်ဖြင့် ပစ်ခတ်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။