


(မှုခင်း) မတ် ၁၉
ရှမ်းပြည်နယ်၊လားရှိုးမြို့နှင့်ကျိုင်းတုံမြို့နယ်များတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ရှာဖွေဖမ်းဆီးခဲ့ရာ မူးယစ်ဆေးဝါးနှင့်ဘိန်စိမ်းများ ဖမ်းဆီးရမိကြောင်း သိရသည်။
မတ်လ ၁၇ ရက်နေ့ နံနက် ၁၀နာရီ ၁၅ မိနစ်အချိန်ကလားရှိုးမြို့၊ ရပ်ကွက်(၇)တွင် လောက်ခမ်း(ခ)အားခမ်း၏ နေအိမ်ကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် ပူးပေါင်း အဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၈,၀၀၀ ပြား (ဒေသကာလတန်ဖိုး ငွေကျပ် ၈၀ သိန်း) နှင့် ဘိန်းဖြူ အလေးချိန် ၁၀ ဂရမ် (ဒေသကာလတန်ဖိုး ငွေကျပ် ၂ သိန်း) တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသူ လောက်ခမ်း(ခ)အားခမ်း (၃၂) နှစ်ကို လားရှိုးမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားပြီး ကွင်းဆက်များကို ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
အလားတူ မတ်လ၁၈ရက်နေ့ နံနက် ၁၁နာရီခွဲအချိန်တွင် လားရှိုးမြို့ ၊ ရပ်ကွက်(၅)၊ (၆၄) လမ်းနေ ရီဆိုက် ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၅,၄၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ် ၅၄ သိန်း)၊ ဘိန်းဖြူ အလေးချိန် ၂၀ ရမ်(ဒေသကာလတန်ဖိုးငွေကျပ် ၄ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ရီဆိုက်(၅၇)နှစ်အား လားရှိုးမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
ထို့နည်းတူ မတ်လ ၁၇ရက်နေ့ နံနက် ၁၁နာရီ ၁၅မိနစ်အချိန်တွင် ကျိုင်းတုံမြို့နယ်၊ ကျိုင်းဖောင်းကျေးရွာအနီးတွင် အပေါ မောင်းနှင် လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ခွကြားတွင် သယ်ဆောင်လာသော ဆာလာအိတ်များအတွင်းမှ ဘိန်းစိမ်း အလေးချိန် ၄၀.၅ ကီလို(ဒေသကာလတန်ဖိုးငွေကျပ် ၂၀၂.၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် အပေါ(၃၅)နှစ်အား ကျိုင်းတုံမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။