မွန်ပြည်နယ်ကို ဘက်စုံဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပေးနေတယ်လို့ ယာယီသမ္မတပြော

(ပြည်တွင်း) မတ် ၁၉

မွန်ပြည်နယ်ကို ခရိုင် (၄) ခရိုင်၊ မြို့နယ် (၁၀) မြို့နယ်နဲ့ဖွဲ့စည်းပေးခဲ့ပြီး တည်ငြိမ်အေးချမ်းရေး၊ စီးပွားရေး၊ လူမှုရေးစတဲ့ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို တိုးမြှင့်အကောင်အထည်ဖော်ဆောင်ရွက်ပေးနေတယ်လို့ နိုင်ငံတော်ယာယီသမ္မတက ပြောဆိုလိုက်ပါတယ်။

ဒီနေ့ ၂ဝ၂၆ ခုနှစ်၊ မတ်လ ၁၉ရက်နေ့မှာ ကျရောက်တဲ့ (၅၂) နှစ်မြောက် မွန်ပြည်နယ်နေ့ကို နိုင်ငံတော် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်လုံခြုံရေးနှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သဝဏ်လွှာပို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

နိုင်ငံတော်ယာယီသမ္မတရဲ့ သဝဏ်လွှာထဲမှာ နိုင်ငံတော်အစိုးရအနေနဲ့ ပညာရေးနဲ့ပတ်သက်ပြီး KG+9 အထိ မသင်မနေရ သတ်မှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသလို ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေရာခိုင်နှုန်း မြင့်မားရေး၊ ကျောင်းသား၊ ကျောင်းသူတွေကို အတန်းပညာတတ်မြောက်စေရေး၊ တန်းစဉ်ကူးပြောင်းနှုန်း မြင့်မားရေးနှင့် အတန်းပညာမှ အသိပညာသို့ ပြောင်းလဲတိုးတက်နိုင်ရေးတို့ကို အလေးထားဆောင်ရွက်ပေးကြဖို့ တိုက်တွန်းထားပါတယ်။

မွန်ပြည်နယ်ကို လမ်းပန်းဆက်သွယ်ရေးကအစ အဘက်ဘက်ကနေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်ကဆောင်ရွက်ပေးနေပြီး ပြည်တွင်းပြည်ပ ကုန်စည်စီးဆင်းမှုအတွက် အဓိကကျတဲ့ တံတားနှစ်စင်းဖြစ်တဲ့ ဂျိုင်း (ဇာသပြင်) တံတားသစ်နဲ့ အတ္ထရံတံတားသစ် (၂) စင်းကို ယခု မတ်လ (၈) ရက်နေ့မှာ ဖွင့်လှစ်ပေးနိုင်ခဲ့သလို အဆိုပါတံတား (၂) စင်း ဖွင့်လှစ် ပေးနိုင်တာကြောင့် မော်လမြိုင်အထူးစီးပွားရေးဇုန်နဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းတွေအပြင် မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်ကနေ မြန်မာနိုင်ငံတစ်ဝန်းလုံးကို ပိုမိုလွယ်ကူအဆင်ပြေစွာ သွားလာနိုင်မှာဖြစ်ပြီး ပြည်တွင်းပြည်ပ ကုန်စည်စီးဆင်းမှု လျင်မြန်စေမယ်လို့ ဆိုပါတယ်။

ကျန်းမာရေးကဏ္ဍအနေနဲ့လည်း နိုင်ငံသားတိုင်း အခြေခံကျန်းမာရေးစောင့်ရှောက်မှုတွေ လက်လှမ်းမီရရှိရေးအတွက် ဆေးရုံတွေမှာ ဆေးဝါးနဲ့ ပစ္စည်းကိရိယာတွေ ပြည့်စုံအောင် ဖြည့်ဆည်းပေးခြင်း၊ အခမဲ့ဆေးဝါးကုသခွင့်တွေ ဆောင်ရွက်ပေးခြင်း၊ ကျန်းမာရေးဝန်ထမ်းတွေ ခန့်ထားပေးခြင်းတို့ကို နိုင်ငံတော်က အစဉ်တစိုက် ဖြည့်ဆည်းဆောင်ရွက်ပေးနေတယ်လို့လည်း ပြောပါတယ်။

မွန်ပြည်နယ်ဟာ ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်မှာ တည်ရှိတဲ့ ပြည်နယ်တစ်ခုဖြစ်တဲ့အပြင် ကုန်ပစ္စည်းကူးသန်းရောင်းဝယ်ရေးအတွက် ကောင်းမွန်တဲ့ ဆက်သွယ်ရေးလမ်းကြောင်းနဲ့ အရေးပါတဲ့ ဗဟိုဆိပ်ကမ်းနေရာတစ်ခုလည်း ဖြစ်တယ်လို့ နိုင်ငံတော်ယာယိသမ္မတက ပြောဆိုထားပါတယ်။